
နေပြည်တော် ၊ မတ် ၂၉
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး တည်ထောင်ခြင်း (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ရုံးခန်းအမှတ်(၂)တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံးရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့် တက်ရောက်၍ အမှာစကားပြောကြားခဲ့ပြီး ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)မှ ဖွင့်လှစ်ခဲ့သည့် အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာသင်တန်း အမှတ်စဉ်(၂)တွင် စာပေထူးချွန်ဆု ရရှိခဲ့သော လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်နမ့်ယဉ်ယဉ်နွယ်အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြု ဆုငွေကိုလည်းကောင်း၊ တစ်နှစ်ပတ်လုံး ရုံးတက်ရက်မှန်ဆု ရရှိခဲ့သူများဖြစ်ကြသော ဒေါ်ယဉ်ယဉ်ဝင်း၊ ဦးနေလင်းဦး နှင့် ဒေါ်မွှေးလေးတို့အား ဂုဏ်ပြုဆုငွေ များကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ခုံရုံး ဥက္ကဋ္ဌက နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဝန်ထမ်းအား တူညီ ဝတ်စုံများ ပေးအပ်ခဲ့ရာ အမျိုးသားဝန်ထမ်းများကိုယ်စား ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်ဇေယျနှင့် အမျိုးသမီး ဝန်ထမ်းများကိုယ်စား ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်သီတာတင် တို့က လက်ခံရယူကြပြီး အခမ်းအနားကို နံနက် ၁၁:၃၀ အချိန်တွင် ရုပ်သိမ်းခဲ့သည်။
ခုံရုံး၏ (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ ခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်၊ အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တက်ရောက် ခဲ့ကြသည်။