
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် စက်တင်ဘာလ ၂ ရက်နေ့မှ ၅ ရက် နေ့အထိ ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် ပြုလုပ် ကျင်းပသော ကိုရီးယားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး တည်ထောင်ခြင်း နှစ် (၃၀) ပြည့် အခမ်းအနားနှင့် “အခြေခံဥပဒေဆိုင်ရာ တရားစီရင်မှုနှင့် ဒီမိုကရေစီ” အပြည်ပြည်ဆိုင်ရာညီလာခံသို့ တက်ရောက်ခဲ့သည်။ အဆိုပါ ကိုယ်စားလှယ်အဖွဲ့တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့်အတူ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဦးကျော်ဆန်းနှင့် ညွှန်ကြားရေးမှူး ဦးညီညီလွင်တို့ ပါဝင်ကြသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာ ညီလာခံသည် ကိုရီးယားသမ္မတနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး တည်ထောင်ခြင်း နှစ် (၃၀) ပြည့် အထိမ်းအမှတ်အဖြစ် ကိုရီးယားနိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာတရားရုံးက “အခြေခံဥပဒေဆိုင်ရာတရားစီရင်မှုနှင့် ဒီမိုကရေစီ” ခေါင်းစဉ်ဖြင့် အပြည်ပြည်ဆိုင်ရာ ညီလာခံတစ်ရပ်ကို ပြုလုပ်ကျင်းပခြင်းဖြစ်သည်။ ညီလာခံသို့ မြန်မာနိုင်ငံအပါအဝင် ကိုရီးယားနိုင်ငံ၊ ခရိုအေးရှားနိုင်ငံ၊ စပိန်နိုင်ငံ၊ ပေါ်တူဂီနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဘူလ်ဂေးရီးယားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ တူရကီနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ယူကရိန်းနိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရိုမေးနီးယားနိုင်ငံ၊ အမေရိကန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် အီဂျစ်နိုင်ငံ အစရှိသည့် နိုင်ငံပေါင်း (၃၆) နိုင်ငံတို့မှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများ၊ ကောင်စီများ၊ ခုံရုံးများ၊ တရားရုံးချုပ်များ၊ ဥရောပဗင်းနစ်ကော်မရှင်နှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရေးအတွက် လွတ်လပ်သည့်ကော်မရှင် အဖွဲ့တို့၏ အကြီးအကဲများ၊ တရားသူကြီးချုပ်များ၊ ဒုတိယအကြီးအကဲများ၊ တရားသူကြီးများ၊ အတွင်းရေးမှူးချုပ်များနှင့် ကိုရီးယားနိုင်ငံတက္ကသိုလ်များမှ ပါမောက္ခများ တက်ရောက်ကြသည်။
အဆိုပါ ညီလာခံတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသည် “မြန်မာနိုင်ငံ၏အတိတ်ကာလနှင့် မျက်မှောက်ကာလတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စီရင် ဆုံးဖြတ်မှု”နှင့်ပတ်သက်သည့် စာတမ်းကိုဖတ်ကြားဆွေးနွေးခဲ့သည်။ အဆိုပါဆွေးနွေးချက်တွင် မြန်မာနိုင်ငံ၏ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတို့မှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားစီရင်မှုနှင့်စပ်လျဉ်း၍ အရေးပါသည့် ပြဋ္ဌာန်းချက်များ၊ အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေများအရ ဆုံးဖြတ်ခဲ့သည့် လွှဲအပ်မှုများ၊ အနက်အဓိပ္ပါယ်ဖွင့်ဆိုမှုများ၊ တင်သွင်းလွှာများအပေါ် စီရင်ဆုံးဖြတ်မှုများနှင့်သက်ဆိုင်သည့် အကြောင်းအချက်များ ပါဝင်သည်။
ညီလာခံတွင် “အတိတ်ကာလနှင့် မျက်မှောက် ကာလတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စီရင် ဆုံးဖြတ်မှု”၊ “ဥပဒေပြုအဖွဲ့၊ ရွေးကောက်ပွဲနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားစီရင်မှု”၊ “လူ့အခွင့်အရေး များကိုကာကွယ်ပေးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာတရားစီရင်မှု”နှင့် “၂၁ ရာစုအတွင်းကြုံတွေ့ရသည့် စိန်ခေါ်မှုများ” ဟူ၍ အပိုင်း(၄) ပိုင်းခွဲကာ တက်ရောက်လာသည့် နိုင်ငံများက ပါဝင် ဆွေးနွေးခဲ့ကြသည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည် အာရှဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများ နှင့်အဆင့်တူ အဖွဲ့အစည်း များအသင်း Association of Asia Constitutional Courts and Equivalent Institutions (AACC) နှင့်လည်းကောင်း၊ အခြားသောနိုင်ငံတကာမှ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာတရားရုံး များနှင့်အလားတူ အဖွဲ့အစည်းများနှင့်လည်းကောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားစီရင်မှုနှင့် ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။