Main menu

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားစီရင်မှု (၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ) ၁၉၅၈ ခုနှစ်၊ လွှဲအပ်မှုအမှတ် -၂

တရားလွှတ်တော်ချုပ်။

ပြည်နယ်ဆိုင်ရာဝန်ကြီးများခန့်ထားခြင်းနှင့်စပ်လျဉ်း၍

ပေါ်ပေါက်လာသောပြဿနာကိုဆုံးဖြတ်ချက်ရယူရန်လွှဲအပ်မူ။[1]

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၁၅၁အရ လွှဲအပ်မှု၊ ၎င်းအမှုသည် ပြီးဆုံးခဲ့သည့်ကိစ္စဖြစ်၍ စဉ်းစား ဝေဖန်းရန်မလို၊ သို့သော်တရားလွှတ်တော်ချုပ်က နောက်အခါဤကဲ့သို့ အလားတူ အခြေအနေမျိုးပေါ်ပေါက်လျှင် ပြေပြစ်အောင်ဆောင်ရွက်နိုင်စေရန် စဉ်းစားဝေဖန်ခြင်း−အခြေခံ ဥပဒေပုဒ်မ ၁၈၁ (၁) ၊ ၆၃ (၃) နိုင်ငံခြားတရားလွှတ်တော်များ၏ စီရင်ထုံးများ အကိုးအကား ပြုခြင်း -အခြေခံဥပဒေများအဓိပ္ပါယ်ကောက်သော ထုံးတမ်းစဉ်လာများ- ညှိနှိုင်းတိုင်ပင်ခြင်း၏ အဓိပ္ပါယ်-ဥပဒေသည် မဖြစ်နိုင်သည်ကို မရည်ရွယ်- (lex non cogil imjpossibilia) ။

အခြေခံဥပဒေပုဒ်မ ၁၈၁ (ခ) အရ၊ ပြည်နယ်ဝန်ကြီးများခန့်အပ်ရန် နိုင်ငံတော်သမတထံ သို့ အမည်တင်သွင်းရာ၌၊ နိုင်ငံတော်ဝန်ကြီးချုပ်သည်၊ ပြည်နယ်ကောင်စီများနှင့် ညှိနှိုင်းတိုင်ပင်ခြင်း မပြုဘဲ၊ အမည်များတင်သွင်ခဲ့ရာ နိုင်ငံတော်သမတ က ပြည်နယ်ဝန်ကြီးများခန့်အပ်ခဲ့သည်။

ဤသို့ဖြစ်ခြင်းကြောင့်၊ နိုင်ငံတော်သမတက၊ အခြေခံဥပဒေပုဒ်မ ၁၅၁ အရ၊ အောက်ပါပြဿနာ များကိုစစ်ဆေးပြီး အစီအရင်ခံစာကိုတရားလွှတ်တော်ချုပ်သို့လွှဲအပ်သည်။

(၁) ဤကဲ့သို့ခန့်ထားခြင်းများသည်၊ အခြေခံဥပဒေနှင့်ညီညွတ်ပါသလော။

(၂)  မညီညွှတ်လျှင် မည်သည့်နည့်နှင့် ညီညွှတ်အောင် ဆောင်ရွက်ခန့်ထားသင့်ပါသနည်း။

(၃) သို့တည်းမဟုတ် အဆိုပါပြည်နယ်ဝန်ကြီးများကို သက်ဆိုင်ရာကောင်စီများနှင့် ညှိနှိုင်း တိုင်ပင်ခြင်းမပြုမီ မခန့်အပ်ဘဲထားသင့်ပါသလော။  ဖြေဆိုရမည့်ပြဿနာမှာ၊ ပုဒ်မ ၁၈၁ (၁) တွင်ပါရှိသော ပြဋ္ဌာန်းချက်များသည် မလိုက်နာလျှင် မနေရသော ပြဋ္ဌာန်ချက်များဖြစ်သလော။

ဆုံးဖြတ်ချက်။ ။ပဌမပြဿနာသည် နိုင်ငံတော်ဝန်ကြီးချုပ်က အမည်တင်သွင်းသည့် အတိုင်း၊ နိုင်ငံတော်သမတသည် အခြေခံဥပဒေအရ ပြုလုပ်ခဲ့ခြင်းဖြစ်၍၊ အခြေခံဥပဒေပါပြဋ္ဌာန်းချက်များနှင့် ကိုက်ညီသည် မညီသည်ဟူသောအချက်မှာ ပုဒ်မ ၆၃ (၃) အရ စစ်ကြောမေးမြန်းနိုင်သောအချက် မ ဟုတ်။

ပြဿနာမှာ နိုင်ငံတော်ဝန်ကြီးချုပ်သည်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်ကောင်စီများနှင့် ညှိနှိင်းများနှင့်ညှိနှိုင်းတိုင်ပင်ခြင်းမပြုဘဲ၊ ဝန်ကြီးများခန့်အပ်ရန် နိုင်ငံတော်သမတထံသို့ အမည်များ တင်သွင်းခြင်းမှာ၊ အခြေခံဥပဒေနှင့်ညီညွှတ်ဟူသော ပြဿနာဖြစ်ရမည်။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေများကို အဓိပ္ပါယ်ကောက်ရာ၌ တရားရုံးများလိုက်နာလေ့ရှိသော ထုံးတမ်းစဉ်လာများအချို့မှာ-

(၁) အခြေခံဥပဒေ၏ အဓိပ္ပါယ်သဘောကို ကောက်ယူရာတွင် ကျဉ်းမြောင်းအောင် ကြပ်ကြပ်တည်းတည်းမကောက်ယူရဘဲ၊ ကျယ်ပြန့်အောင် ရက်ရက်ရောရော ကောက်ယူရမည်ဖြစ်ကြောင်း။

(၂) အခြေခံဥပဒေများသည် ခေတ်ကာလအားလျော်စွာ ပေါ်ပေါက်လာသော အဖြစ် အပျက်အကြောင်းချင်းရာများကို လွှမ်းခြုံငုံမိအောင် ကြီးပွားကျယ်ပြန့်၍လာကြရ မည့် ဥပဒေများ ဖြစ်ကြသည်ဟု အသိအမှတ်ပြု၍၊ အဓိပ္ပါယ်သဘောကောက်ယူ ရမည်ဖြစ်ကြေင်း။

(၃) အခြေခံဥပဒေများတွင်ပေး၍ထားသော တန်ခိုးအာဏာများကို ကျယ်ပြန့်နိုင်သမျှ ကျယ်ပြန့်စေရန် အဓိပ္ပါယ်သဘော ကောက်ယူရမည်ဖြစ်ကြောင်း။

(၄) သက်ဆိုင်ရာနိုင်ငံ၏ ပြည်သူလူထုမှာ အကျိုးအများဆုံး ဖြစ်ထွန်းနိုင်စေမည့် သဘောအဓိပ္ပါယ်ကို ကောက်ယူရမည်ဖြစ်ကြောင်း။

လွှတ်တော်ချုပ် ၁၉၅၂ ခုနှစ်၊ လွှဲအပ်မှု အမှတ် (၂) ကြည့်ပါ။

အခြားထုံးတမ်းအစဉ်လာနှင့် နည်းဥပဒေမှာ၊ တိုင်းပြည်ပြုလွှတ်တော်၏ ရည်ရွယ်ချက်နှင့် အကြံအစည်များအတိုင်းဖြစ်စေရန်၊ အခြေခံဥပဒေတစောင်လုံးကိုခြုံ၍ အဓိပ္ပါယ်သဘော ကောက်ယူရ မည်။ အနည်းဆုံးအလားတူအကြောင်းချင်းများနှင့် စပ်လျဉ်းသော ပြဋ္ဌာန်းချက်များကိုပါ ထည့်သွင်း စဉ်းစားပြီးမှ အဓိပ္ပါယ်သဘောကို ကောက်ယူရမည်။ ပုဒ်မတခု၊ သို့မဟုတ် ပြဋ္ဌာန်းချက်တခု၏ သဘောအဓိပ္ပါယ်သည် မရှင်းလင်း မပြတ်သားစေကာမူ၊ အခြားအလာတူ ပုဒ်မများ၊ ပြဋ္ဌာန်းများကိုပါ ထည့်သွင်း၍စဉ်းစားလျှင် အဓိပ္ပါယ်ပေါ်လွင်ထင်ရှား၍ လာနိုင်ခြင်းသတိပြုရမည်ဟူသော ထုံးတမ်း စဉ်လာနှင့် ဥပဒေသများဖြစ်သည်။

(1953) R.L.B. (SC.) 30 ကြည့်ပါ။

အက်ဥပဒေဖြင့်သော်၎င်း၊ အခြေခံဥပဒေဖြင့်သော်၎င်း၊ကိစ္စတခုခုကိုဆောင်ရွက်ရန် ပြဋ္ဌာန်းထား လျှင်၊ ထိုပြဋ္ဌာန်းချက်မှာ မလုပ်မနေရသော အချက်သော်လည်းဖြစ်နိုင်သည်။ ညွှန်ကြားချက်မှသော် လည်းဖြစ်နိုင်သည်။ ခြားနားခြင်းမှာ မလုပ်မနေရဟူသော အချက်ကိုရှောင်ဖယ်၍မရ၊ တသွေမတိမ်း လိုက်နာရမည်။ ညွှန်ကြားချက်သာဖြစ်ခဲ့ပါမူ၊ လိုက်နာနိုင်သမျှ လိုက်နာဆောင်ရွက်လျှင် လုံလောက် သည်။ တသွေမတိမ်း မလိုက်နာမိသည့်အတွက် ဆောင်ရွက်ချက်ပျက်ပြယ်သည်ဟုမယူဆနိုင်ချေ။

Woodward v. Sarsons, (1875) K.B.10 C.P. 733 at 746.

မလိုက်နာလျှင် မနေရသောပြဋ္ဌာန်းချက်ကိုမလိုက်နာဘဲ ပြုမူခဲ့ပါမူ၊ ပြုမူချက်မှာ လုံးဝတရား မဝင်။ ညွှန်ကြားချက်သာဖြစ်ခဲ့ပါမူ၊ ပြုမူခဲ့ခြင်းမှာ တည်မြဲသည်။ ပြဋ္ဌာန်းထားသည့် အချက်တခုသည် မလုပ်မနေရသောအချက်ဖြစ်သည်၊ သို့တည်မဟုတ် ညွှန်ကြားချက်သာ ဖြစ်သည်ဆိုသော ပြဿနာကို ဆုံးဖြတ်ရာ၌ အမြဲတစေလိုက်နာရန် စည်းမျဉ်းကို တိတိကျကျလှေနံဓါးထစ်သတ်မှတ်၍မဖြစ်နိုင်၊ တရားရုံးများ၏ တာဝန်မှာ စီရင်ထုံးတွင် ညွှန်းထားသည့်အတိုင်း ပြဋ္ဌာန်ချက်မှာ မည်ရွေ့မည်မျှအရေး ကြီးသည်၊ ထိုပြဋ္ဌာန်းချက်သည် အဓိကရည်ရွယ်ချက်နှင့်မည်သို့သက်ဆိုင်သည်တို့ကို ချိန်ဆပြီးလျှင်၊ ပြဋ္ဌာန်းချက် တခုတည်းကိုသာ အဓိပ္ပါယ်မကောက်ယူဘဲ သက်ဆိုင်သမျှ ပြဋ္ဌာန်းချက်အားလုံးကိုခြုံ၍ သုံးသပ်ရပေမည်။

Howard v. Bodington, (1877) 2P.D. 203 at 211: Crales on Statute Law. P. 242 ကြည့်ပါ။

ညှိနှိုင်းတိုင်ပင်ရမည်ဆိုသည်မှာ လိုက်နာနိုင်သမျှ လိုက်နာရမည်ဖြစ်သည်။ မလိုက်နာနိုင်၍ ပြဋ္ဌာန်းချက်ကိုမလိုက်နာခြင်းနှင့်လိုက်နာနိုင်ပါလျက် မလိုက်နာခြင်းမှာ အလွန်ခြားနားသည်၊ ပြည်နယ် နှင့်တကွ ပြည်ထောင်စုအကျိုးကိုထောက်ထား၍၊ ဆောင်ရွက်ရန်ကိစ္စရှိသမျှကို မိမိနှင့်အတူဆောင်ရွက် နိုင်မည့်သူကိုရွေးချယ်ရာ၌ ကောင်စီ၏သဘောကို သိရှိနိုင်စေရန် ညှိနှိုင်းတိုင်ပင်ရမည်ဟု ပြဋ္ဌာန်းထား ခြင်းဖြစသည်။

ညှိနှိုင်းတိုင်ပင်ပြီးမှ (after consultation with)​ဆောင်ရွက်ရမည်ဆိုသော ပြဋ္ဌာန်းချက်မှာ ညွှန်ကြားချက်သာဖြစ်သည်။

Biswanath Khemka v. Emperor, (1915) A.I.R.F.C.67 ကြည့်ပါ။

တာဝန်တခုခုဆောင်ရွက်ရာ၌၊ ပြဋ္ဌာန်းထားသောအတိုင်း လုပ်ရန်လုံးဝမဖြစ်နိုင်ပါက၊ ပြဋ္ဌာန်း ချက်ကိုလိုက်နာရန်မလို (lex non cogil impossibilia) ဥပဒေသည် မဖြစ်နိုင်သည်ကို မရည်ရွယ်။

ယခုကိစ္စတွင် ညှိနှိုင်းတိုင်ပင်ရန်မဆိုထားဘိ၊ တွေ့ဆုံရန်ပင်မဖြစ်နိုင်လောက် အခြေမျိုးဖြစ်နေ သည်။

ထို့ကြောင့် -

(၁) စောလူလူနှင့် ဒူးဝါးဇော်ရစ်တို့၏ အမည်များကို တင်သွင်းရာ၌ အခြေအနေအရ၊ ပြည်နယ်ကောင်စီများနှင့် ညှိနှိုင်းတိုင်ပင်ရန် နည်းလမ်းမရှိ၍၊ ညှိနှိုင်းတိုင်ပင်ခြင်းမပြု ဘဲ၊ ယာယီအားဖြင့်ခန့်အပ်ရန် နိုင်ငံတော်ဝန်ကြီးချုပ်က တင်သွင်းခြင်းမှာ အခြေခံ ဥပဒေနှင့်ဆန့်ကျင်သည်ဟု မယူဆနိုင်ချေ။

(၂)     အခြားနည်းလမ်းမရှိ။

(၃)     ပြည်နယ်ဥက္ကဋ္ဌမရှိလျှင်၊ အုပ်ချုပ်ရေးကိုပင် တာဝန်ယူ၍ ဆောင်ရွက်နိုင်မည့်သူရှိမည် မဟုတ်၍၊ မခန့်အပ်ဘဲမထားသင့်၊

          လိုက်ပါဆောင်ရွက်သောရှေ့နေများ -

          နိုင်ငံတော်ရှေ့နေချုပ်ကြီးအတွက်၊ ဒေါက်တာဦးမောင်နှင့် ဦးရန်အောင်လိုက်ပါဆောင် ရွက်၍။

          ပြည်နယ်ဆိုင်ရာအတွက်၊ အကြံပေးအရာရှိ ဦးမြင့်ထူးလိုက်ပါဆောင်ရွက်သည်။

          ပြည်နယ်ဝန်ကြီးဟောင်းများအတွက်၊ ဒေါက်တာ ဘမော် လိုက်ပါဆောင်ရွက်သည်။

ဝန်ကြီးများဖြစ်ကြသော ကရင်ပြည်နယ်ဝန်ကြီး ဒေါက်တာ စောလှထွန်းနှင့် ကချင်ပြည်နယ်ဝန်ကြီး ဦးဇန်ထားဆင် တို့သည်။ ၁၉၅၈ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့ မွန်းလွဲ ၄နာရီအချိန်တွင် ရာထူးမှနုတ်ထွက်သွားကြရာ၊ ထိုပြည်နယ်များတွင် စီရင်အုပ်ချုပ်ရေးကိစ္စ များ တာဝန်ယူဆောင်ရွက်ရမည့်သူ မရှိသည်တကြောင်း၊ ပြည်နယ်ကောင်စီများကိုလည်း ဆင့်ခေါ်နိုင် ပင် မရှိသည်တကြောင်း၊ ဤအကြောင်းများကြောင့် လစ်လပ်သောနေရာများ၌၊ ပြည်နယ်ဝန်ကြီးချုပ် များခန့်အပ်ရန် နိုင်ငံတော်သမတထံသို့ အမည်တင်သွင်းရာ၌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ပြည်နယ် ကောင်စီများနှင့် ညှိနှိုင်းတိုင်ပင်၍ တင်သွင်းရမည်ဖြစ်သော်လည်း ညှိနှိုင်းတိုင်ပင်ခြင်းမပြုဘဲ ခန့်အပ် ခဲ့သည်။

ဖြစ်ပျက်ပုံ အကြောင်းချင်းရာကို ဖော်ပြ၍ ၊ တရားလွှတ်တော်ချုပ်က အောက်ပါ ပြဿနာများကို ကြားနာစစ်ဆေးပြီး အစီရင်ခံရန် နိုင်ငံတော်သမတက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ ၁၅၁ အရလွှဲအပ်သည်။

        -

၁)   ဤကဲ့သို့ ခန့်ထားခြင်းများသည်၊ အခြေခံဥပဒေနှင့် ညီညွတ်ပါသလော။

၂)   မညီညွှတ်လျှင် မည်သည့်နည်းနှင့် ညီညွှတ်အောင် ဆောင်ရွက်ခန့်ထားသင့်ပါသနည်း။

၃)   သို့တည်းမဟုတ် အဆိုပါပြည်နယ်ဝန်ကြီးများကို သက်ဆိုင်ရာကောင်စီများနှင့် ညှိနှိုင်း တိုင်ပင်ခြင်းမပြုမီ မခန့်အပ်ဘဲ ထားသင့်ပါသလော။

ဝန်ကြီးဒူးဝါးဇော်ရစ်တို့သည်၊ ပြည်နယ်ကောင်စီအသီးသီး၏ညီလာခံကို ၁၉၅၈ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့၌ ကျင်းပရန် သတ်မှတ်ဆင့်ခေါ်ပြီးနောက် ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲ ပိုင်းတွင် နုတ်ထွက်ခဲ့ကြ၍ ဤကိစ္စမှာ ပြီးဆုံးခဲ့သည့် ကိစ္စဖြစ်သည့်အားလျော်စွာ ဦးစားပေးဝေဖန်ရန် ပင် မလိုတော့ဟု ယူဆလိုက်သော်လည်း၊ နောင်အခါ ဤကဲ့သို့သော အခြေအနေမျိုး ပေါ်ပေါက်လာ သဖြင့် အခက်အခဲနှင့်တဖန်တွေ့ကြုံပါက ပြေပြစ်အောင်ဆောင်ရွက်နိုင်စေရန်အလို့ငှါ၊ ဤကိစ္စကို စဉ်းစားဝေဖန်သင့်ကြောင့်ဖြင့် လိုက်ပါဆောင်ရွက်ကြသူ ပညာရှိရှေ့နေကြီးများကလျှောက်ထားကြ သည့်အတိုင်း ဤရုံးတော်ကလည်း ကြားနာဝေဖန် သဘောတူခဲ့သည်။

ဝေဖန်ခြင်းမပြုမီ ပဌမ ပြဿနာနှင့် စပ်လျဉ်း၍ ဖော်ပြလိုသည်မှာ ခန့်အပ်ခြင်းကို နိုင်ငံတော်ဝန်ကြီးချုပ်က အမည်တင်သွင်းသည်အတိုင်း၊ နိုင်ငံတော်သမတသည် အခြေခံဥပဒေအရပြု လုပ်ခဲ့ခြင်းဖြစ်၍၊ ထိုသို့ခန့်အပ်ရာ၌ အခြေခံဥပဒေပါပြဋ္ဌာန်းချက်များနှင့် ကိုက်ညီသည် မညီသည်ဟူ သော အချက်မှာ ပုဒ်မ ၆၃ (၃) အရ၊ စစ်ကြော မေးမြန်နိုင်သော အချက်မဟုတ်ချေ။ ပြဿနာမှာ နိုင်ငံတော်ဝန်ကြီးချုပ်သည် ကရင်ပြည်နယ်၊ ကချင်ပြည်နယ် ကောင်စီများနှင့် ညှိနှိုင်းတိုင်ပင်ခြင်းမပြု ဘဲ ဝန်ကြီးများခန့်အပ်ရန် နိုင်ငံတော်သမတထံသို့ အမည်များတင်သွင်းခြင်းမှာ အခြေခံဥပဒေနှင့် ညီညွှတ်သည် မညီညွှတ်သည် ဟူသော ပြဿနာသာဖြစ်ရမည်။

ပြည်နယ်ဝန်ကြီးခန့်အပ်ရေးဆိုင်ရာ အခြေခံဥပဒေပါပြဋ္ဌာန်းချက်များမှာ အတူတူကဲ့သို့ပင် ဖြစ်လေရာ၊ ကရင်ပြည်နယ်ဝန်ကြီး ခန့်အပ်ရေးနှင့် သက်ဆိုင်သော ပုဒ်မ ၁၈၁ (၂) ကို စဉ်းစားသုံးသပ်လျှင် လုံ​လောက်ပေးမည်။ ထိုပုဒ်မမှာ အောက်ပါအတိုင်းဖြစ်သည်။

၁၈၁ (၁)။    ။ ဝန်ကြီးချုပ်သည်၊ ကရင်ပြည်နယ် ကောင်စီနှင့် ညှိနှိုင်းတိုင်ပင်၍ ထိုကောင်စီအမတ်များအနက် အမတ်တဦးဦး၏အမည်ကို တင်သွင်းသောအခါ၊ ထိုသို့အမည် တင်သွင်းခြင်းခံရသောအမတ်ကို နိုင်ငံတော်သမတသည် အောက်တွင် “ကရင်ပြည်ဝန်ကြီး”ဟု ခေါ်တွင်ရမည်ဖြစ်သော ပြည်ထောင်စုအစိုးအရဖွဲ့ဝင် ဝန်ကြီးအဖြစ်ဖြင့် ခန့်ထားရမည်။ ထိုသို့ ခန့်ထားခြင်းခံရသော ဝန်ကြီးသည်၊ အခြေခံ ဥပဒေ၏ကိစ္စများအတွက် ကရင်ပြည်နယ် ဥက္ကဋ္ဌ လည်းဖြစ်သည်။”

နိုင်ငံတော်ဝန်ကြီးချုပ်က စောလူလူ၏အမည်ကို ကရင်ပြည်နယ်ဝန်ကြီးခန့်အပ် ရန်အလို့ငှါ၊ နိုင်ငံတော်သမတထံသို့ တင်သွင်းရာတွင် ကရင်ပြည်နယ်ကောင်စီနှင့် ညှိနှိုင်းတိုင်ပင်ခြင်း မပြုခဲ့ချေ၊ ရှေ့နေချုပ်ကြီး၏ ကိုယ်စားလိုက်ပါဆောင်ရွက်သော ပညာရှိရှေ့နေကြီး ဦးရန်အောင်၊ ပြည်သူ့အမျိုးသား ညီညွှတ်ရေး တပ်ပေါင်းစု အတွက်၊ လိုက်ပါဆောင်ရွက်သော ဒေါက်တာဦးမောင်နှင့် ပြည်နယ်ဥပဒေ အကြံပေးအရာရှိ ဦးမြင့်ထူးတို့က ဤကဲ့သို့ ဝန်ကြီးချုပ်က မညှိနှိုင်းမတိုင်ပင်ဘဲ အမည်တင်သွင်းခဲ့ရခြင်းအကြောင်းရင်းမှာ (၁) ညှိနှိုင်းတိုင်းပင်ရန်အတွက် ကောင်စီကိုဆင့်ခေါ်နိုင် သည့်အာဏာမှာ အခြေခံဥပဒေပုဒ်မ ၁၈၀ (၁၂) အရ၊ ကရင်ပြည်နယ်ဝန်ကြီး၌သာ တည်ရှိကြောင်း၊ (၂) ပုဒ်မ ၁၈၀ (၁) တွင်ပါရှိသော ညှိနှိုင်းတိုင်ပင်ရမည်ဆိုသည်မှာ မလုပ်မနေရ (mandatory) ပြဋ္ဌာန်း ချက်မဟုတ်၊ ညွှန်ကြားချက် (directory) မျှသာဖြစ်ကြောင်း၊ (၃) ပုဒ်မ ၁၈၁(၂)အရ၊ ကရင်ပြည်နယ် စီရင်အုပ်ချုပ်ရေးကိစ္စ်အဝဝကို ကရင်ပြည်နယ်ဥက္ကဋ္ဌကသာတာဝန်ယူဆောင်ရွက်ရမည်ဖြစ်၍၊ပြည်နယ် ဥက္ကဋ္ဌမရှိလျှင် စီရင်အုပ်ချုပ်ရေးကို ဥပဒေအရမဆောင်ရွက်နိုင်ခြင်းကြောင့် ယာယီအားဖြင့်ခန့်အပ်ရန် စောလူလူ၏အမည်ကို တင်သွင်းရခြင်းဖြစ်ကြောင်း လျှောက်ထားကြသည်။

ဦးဇန်ထားဆင်အတွက် လိုက်ပါဆောင်ရွက်သူ ပညာရှိရှေ့နေကြီး ဒေါက်တာဘမော်က ချေပရာ၌ အောက်ပါအကြောင်းများကိုဖော်ပြသည်။

၁) ပုဒ်မ ၁၈၁ (၁) တွင်ပါရှိသည့် ပြဋ္ဌာန်းချက် အားလုံးမှာ မလုပ်မနေရ (mandatory) ဖြစ်၍၊ ကရင်ပြည်နယ်ကောင်စီညှိနှိုင်းခြင်းမပြုဘဲ အမည်တင်သွင်းခြင်းမှာ အခြေခံဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း။

၂)       ဤကဲ့သို့ ချိုးဖောက်ခဲ့၍ စောလူလူကို နိုင်ငံတော်သမတက ခန့်အပ်ခြင်းမှာ ဥပဒေနှင့် မကိုက်ညီ၍ တရားမဝင်ကြောင်း။

၃)        ကရင်ပြည်နယ် ဥက္ကဋ္ဌ၌ သာလျှင်၊ ကရင်ပြည်နယ်ကောင်စီ အစည်းအဝေကို ဆင့်ခေါ်သည့်အာဏာရှိသည်ဟုဆိုခြင်းကို လက်မခံနိုင်ကြောင်း။

          အထူးပင်ကြိုးစားပြီး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို မည်ကဲ့သို့ အဓိပ္ပါယ်ကောက်ယူသင့်ကြောင်းကို လျှောက်ထားကြသည်။ ဤရုံးတော်၏ ၁၉၅၂ ခုနှစ်၊ လွှဲအပ်မှု အမှတ် ၂ တွင် တရားရုံးက အဓိပ္ပါယ်ကောက်ယူရာ၌ လိုက်နာလေ့ရှိသော ထုံးတမ်းအစဉ်လာတို့ကို ဝေဖန်ထားရာ အောက်ပါတို့ကို ကောက်နုတ်ဖော်ပြလိုက်သည်။

၁) အခြေခံဥပဒေ၏ အဓိပ္ပါယ်သဘောကို ကောက်ယူရာတွင် ကျဉ်းမြောင်းအောင် ကြပ်ကြပ်တည်းတည်း မကောက်ယူဘဲ ကျယ်ပြန့်အောင် ရက်ရက်ရောရော ကောက်ယူရမည် ဖြစ်ကြောင်း။

၂)      အခြေခံဥပဒေများသည် ခေတ်ကာလအားလျှော်စွာ ပေါ်ပေါ်ကလာသော အဖြစ်အပျက်အကြောင်းချင်းရာများကို လွှမ်ခြုံငုံမိအောင် ကြီးပွားကျယ်ပြန့်၍ လာကြရမည့်ဥပဒေများဖြစ်ကြသည်ဟု အသိအမှတ်ပြု၍၊ အဓိပ္ပါယ်သဘော ကောက်ယူရမည်ဖြစ်ကြောင်း။

၃)      အခြေခံဥပေဒများတွင် ပေး၍ထားသော တန်ခိုးအာဏာများကို ကျယ်ပြန့်နိုင် သမျှ ကျယ်ပြန့်စေရန် အဓိပ္ပါယ် သဘောကောက်ယူရမည်ဖြစ်ကြောင်း။

၄)      သက်ဆိုင်ရာနိုင်ငံ၏ ပြည်သူလူထုမှာ အကျိုးအများဆုံး ဖြစ်ထွန်းနိုင်စေမည့် သဘောအဓိပ္ပါယ်ကို ကောက်ယူရမည် ဖြစ်ကြောင်း။

ထုံးတမ်းစဉ်လာ နည်းဥပဒေများမှ တပါး၊ အခြားထုံးတမ်းစဉ်လာနှင့် နည်းဥပဒေများလည်းရှိသေးသည်။ ၎င်းတို့အနက် အချို့မှာ တိုင်းပြည်ပြုလွှတ်တော်၏ ရည်ရွယ်ချက် နှင့် အကြံအစည်းများအတိုင်းဖြစ်စေရန်၊ အခြေခံဥပဒေတစ်စောင်လုံးကိုခြုံ၍ အဓိပ္ပါယ်သဘော ကောက်ယူရမည်။ အနည်းဆုံး အလားတူအကြောင်းချင်းရာများနှင့် စပ်လျဉ်းသော ပြဋ္ဌာန်းချက်များကို ပါထည့်သွင်းစဉ်းစားပြီးမှ အဓိပ္ပါယ်သဘောကို ကောက်ယူရမည်။ ပုဒ်မတခု၊ သို့မဟုတ် ပြဋ္ဌာန်းချက် တခု၏ သဘော အဓိပ္ပါယ်သည် မရှင်းလင်းမပြတ်သားစေကာမူ၊ အခြားအလားတူပုဒ်မများ၊ ပြဋ္ဌာန်း ချက်များကိုပါ ထည့်သွင်း၍စဉ်းစားလျှင် အဓိပ္ပါယ်ပေါ်လွင်ထင်ရှား၍လာနိုင်ကြောင်း သတိပြုရမည် ဟူသော ထုံးတမ်းစဉ်လာနှင့် ဥပဒေသများဖြစ်သည်။”[2]

အသေးစိတ် ဝေဖန်လျှောက်လဲရာ၌၊ ဒေါက်တာဘမော်က အိန္ဒိယဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်ပ ၇၄(၁) ကိုကိုးကား၍၊ အိန္ဒိယပြည်တွင် အုပ်ချုပ်မှုအာဏာအားလုံးသည် ဝန်ကြီးအဖွဲ့တွင်ရှိပြီး၊ နိုင်ငံတော်သမတများမှာ ဝန်ကြီးအဖွဲ့၏အကြံပေးချက်အတိုင်းသာ ဆောင်ရွက်ရ ကြောင်း၊ မြန်မာပြည်၌မူကား အခြေခံဥပဒေပုဒ်မ ၆၃ (၁) အရ၊ နိုင်ငံတော်သမတသည် အချို့သော ကိစ္စ များတွင် မိမိသဘောအတိုင်းဆောင်ရွက်နိုင်သည့် အခွင့်အရေးများလည်းရှိကြောင်း၊ ထို့ပြင်လည်း ပုဂ္ဂိုလ်တဦးဦးထံမှဖြစ်စေ၊ အဖွဲ့တခုခုထံမှဖြစ်စေ၊ အကြံပေးချက်အရ၊ သို့တည်းမဟုတ် အမည် တင်သွင်းချက်အရ ဆောင်ရွက်ရမည့်ကိစ္စများလည်း ရှိကြောင်းကို လျှောက်ထားသည်။ထိုမှ တဖန် လျှောက်ထားပြန်သည်မှာ ပြည်နယ်ဝန်ကြီးခန့်အပ်ရန်အတွက် အမည်တင်သွင်းရာ၌၊ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် ပြည်နယ်ကောင်စီတို့ ညှိနှိုင်းတိုင်ပင်ပြီးနှစ်ကိုယ်တစိတ်ဖြစ်မှသာ တင်သွင်းရမည်ဟု ဖော်ပြ သည်။ “ညှိနှိုင်းတိုင်ပင်”ဆိုသည့် စကားရပ်ကို အဓိပ္ပါယ်ကောက်ရာ၌၊ အင်္ဂလိပ်စာမူတွင် ပါရှိသော “in consultation with” ဆိုသည်မှာ၊ အခြေခံဥပဒေ၏ အသုံးအနှုန်းဖြစ်၍၊ မည်သူ၏အမည်ကို တင်သွင်း ခြင်းပါနည်းဟု တာဝန်ကျေရုံမျှသာ မေးမြန်းခြင်းဖြင့် မလုံလောက်၊ တကယ်ပင်တိုင်ပင်ပြီး အလို ဆန္ဒခြင်းညှိ၍ နှစ်ဘက်သဘောတူညီချက်ကိုသာ တင်သွင်းသင့်ကြောင်း၊ အမည်တင်သွင်းရာ၌လည်း၊ ဝန်ကြီးချုပ်တွင် တာဝန်နှင့် အခွင့်အရေးရှိသကဲ့သို့ ပြည်နယ်ကောင်စီတွင်လည်း တူညီသောတာဝန်နှင့် အခွင့်အရေးရှိကြောင်း။ သို့အတွက် ပုဒ်မ ၁၈၀ (၁) တွင် အတိအလင်း ထည့်သွင်းထားသော ပြဋ္ဌာန်း ချက်မျာမှာ မလုပ်မနေရသော (mandatory) ပြဋ္ဌာန်းချက်များ ဖြစ်သည်ဟု မြွက်ဆိုလေသည်။

ဆင့်ခေါ်နိုင်သူမရှိဟူသော အချက်ကို ဒေါက်တာဘမော်က လက်မခံ၊ ပုဒ်မ ၁၈၀ (၁၂) အရ၊ ကရင်ပြည်နယ် ကောင်စီကို ပြည်နယ်ဥက္ကဋ္ဌကသာ ဆင့်ခေါ်နိုင်သည် ဆိုသည့်အချက်  နှင့်စပ်လျဉ်း၍၊ ဒေါက်တာဘမော်က ပုဒ်မ ၁၀၀ (၁၂) တွင် သုံးနှုန်းသော အင်္ဂလိပ်စာမူဖြင့်၊ “summon””prorogune”“session”“meeting”မြန်မာမူဖြင့်“ဆင့်ခေါ်”၊“ရုပ်သိမ်း”၊“ညီလာခံ”၊ “အစည်းအဝေး” ဆိုသည့်အလျောက် စကားရပ်များ အခြေပြုပြီး၊ ထိုစကားရပ်များမှာ ပါလီမန်အသုံး အနှုန်းများဖြစ်သည့်အလျောက်၊ ဤပြဋ္ဌာန်းချက်မှာ ဥပဒေပြုကိစ္စအလို့ငှါ၊ ညီလာခံဆင့်ခေါ်နိုင်သည့် အာဏာနှင့်သာ သက်ဆိုင်သည်ဟု ယူဆသင့်ကြောင်း။ စီမံအုပ်ချုပ်ရေး (executive) အတွက် လိုအပ် သောအစည်းအဝေးကို ကောင်စီသဘာပတိကပင်ဆင့်ခေါ်နိုင်ကြောင်း လျှောက်ထားသည်။ ချင်းဝိသေ သတိုင်းနှင့် သက်ဆိုင်သည့်အခြေခံဥပဒေပုဒ်မ ၁၉၆ ၊ ၁၉၇ နှင့် ၁၉၈ တို့တွင်၊ ချင်းရေးရာကောင်စီ ဆင့်ခေါ်ရန် မည်သူအားမျှ အာဏာပေးအပ်ခြင်းမရှိပါလျက်၊ မည်ကဲ့သို့ ဆင်ခေါ်နိုင်ပါသနည်းဟုလည်း မေးခွန်းထုတ်သေးသည်။

ပြည်နယ်ဥက္ကဋ္ဌအပြင်၊ အခြားသူ တဦးတယောက်က ဥပဒေပြဋ္ဌာန်းချက် မရှိဘဲ ဆင့်ခေါ်နိုင်သည်ဆိုသော အလျှော်က်လဲချက်ကို၊ ဤရုံးတော်က လက်ခံရန်မဖြစ်နိုင်။ ပြည်နယ် ကောင်စီကို ဥပဒေပြုမှုအတွက်သော်၎င်း၊ အုပ်ချုပ်မှုအတွက်သော်၎င်း မည်သည့်အတွက် ဆင့်ခေါ်စေ ကာမူ၊ အခြေခံဥပဒေနှင့်တရားဥပဒေအရ ပေးအပ်ထားသည့်အာဏာနှင့် တာဝန်ဝတ်တရားများကို သုံးစွဲဆောင်ရွက်ရန် ကိစ္စအတွက် ဆင့်ခေါ်ခြင်းသာဖြစ်ရမည်။ ပြည်နယ်ကောင်စီအစည်းအဝေး၊ သို့မဟုတ် ညီလာခံကျင်းပရန် ဆင့်ခေါ်နည်းများ အခြေခံဥပဒေပုဒ်မ ၁၈၁ (၁၁)အရ၊ (ဤကိစ္စအလို့ငှါ ပြဋ္ဌာန်းထားသည့် ဥပဒေမရှိသေးသမျှ) ပြည်နယ်ဥက္ကဋ္ဌက ဆင့်ခေါ်သော နည်းတနည်းသာ ရှိသည်။ အလားတူ ပြည်သူ့လွှတ်တော်ကိုဆင့်ခေါ်နိုင်သူမှာ ပုဒ်မ ၅၇ အရ၊ နိုင်ငံတော်သမတသာဖြစ်သည်။ နိုင်ငံ တော်သမတမရှိခဲ့သော် ပုဒ်မ ၆၄ (၁)အရ၊ ပြည်သူ့လွှတ်တော်ကို ဦးသျှောင်အဖွဲ့ကသာ ဆင့်ခေါ်နိုင်၏။ ပြည်နယ်ကောင်စီနှင့်စပ်လျဉ်း၍ကား ပုဒ်မ ၆၄ (၁)ကဲ့သို့သော ပြဋ္ဌာန်းချက်သည် အခြေခံဥပဒေတွင်မပါ ရှိချေ။ ချင်းဝိသေသတိုင်းအတွက် ချင်းရေးရာ ကောင်စီကို ဆင့်ခေါ်နိုင်ရန် အခြေခံဥပဒေတွင်ပြဋ္ဌာန်း ချက်မပါရှိ၍၊ ကောင်စီသဘာပတိကဲ့သို့သောသူတဦးက ဆင့်ခေါ်နိုင်သည့်အာဏာမရှိ၊ ချင်းရေးရာ ဝန်ကြီးက ဆင့်ခေါ်နိုင်စေရမည်ဟု ချင်းရေးရာကောင်စီ လုပ်ငန်းစဉ်နည်းဥပဒေ ၃တွင် ပြဋ္ဌာန်းထား သည့်ကိုတွေ့ရသည်။

နိုင်ငံတော်ခေါင်းဆောင်ကြီးတဦးအနေနှင့် ၁၉၁၉ ခုနှစ်၊ အိန္ဒိယပြည်သူ့ အုပ်ချုပ်ရေးအက်ဥပဒေအရ ဝန်ကြီးလည်းဖြစ်ခဲ့ဘူးသည်။ ၁၉၃၅ ခုနှစ်၊ မြန်မာပြည်အုပ်ချုပ်ရေးအက် ဥပဒေအရ၊ နန်းရင်းဝန်လည်း ဖြစ်ခဲ့ဘူးသည့်အလျောက် မိမိကိုယ်တိုင် ကြုံတွေ့ခဲ့ရသောကိစ္စအမျိုးမျိုး အနက်မြန်မာပြည် ဘုရင်ခံအသီးသီးနှင့် မည်ကဲ့သို့ ညှိနှိုင်းတိုင်ပင်ခဲ့ရသည်တို့ကို ထုတ်ဖော်လျှော်က်လဲ ရာ များစွာမှပင် စိတ်ဝင်စားဘွယ်ရာအချက်အလက်များကို ဤရုံးတော်က ကြားနာရသည်။ ဖော်ပြပါ အုပ်ချုပ်ရေးအက်ဥပဒေများတွင် (“after consultation with” ) “ညှိနှိုင်းတိုင်ပင်ပြီးနောက်” ဆိုသောအချက်ကို မည်ကဲ့သို့ လိုက်နာခဲ့သည်ကိုလည်း ထုတ်ဖော်ပြောသည်။ သို့သော် ဤရုံးတော်သို့ ရောက်နေသောကိစ္စ၌ (“in consultation with”) “ညှိနှိုင်းတိုင်ပင်ခြင်း”ဆိုသည်မှာ၊ မည်ကဲ့သို့ အဓိပ္ပါယ်သက်ရောက်သည်၊ မည်သို့ဆောင်ရွက်မှသာညှိနှိုင်းတိုင်ပင်ရာရောက်မည် စသောပြဿာနာ မပေါ်ပေါက်ချေ။ စောလူ၏အမည်ကို တင်သွင်းရာ၌၊ ညှိနှိုင်းတိုင်ပင်ခြင်း လုံးဝမပြုနိုင်ခဲ့သည်ဖြစ်၍၊ ဖြေဆိုရမည်ပြဿနာမှာ ၊ ပုဒ်မ ၁၈၁ (၁) တွင်ပါရှိသော ပြဋ္ဌာန်းချက်များသည် မလိုက်နာလျှင်မနေရ သောပြဋ္ဌာန်းချက်မျာဖြစ်သလော၊ ဤကဲ့သို့ဖြစ်ပါလျှင် စောလူလူကိုခန့်အပ်ခြင်းမှာ ဥပဒေနှင့် ဆန့်ကျင် ပါသလော ဆိုသောပြဿနာများသာဖြစ်သည်။

အခြေခံဥပဒေတခုခုတွင်သော်၎င်း ပါရှိသည့် ပြဋ္ဌာန်းချက်သည် မလိုက်နာလျှင် မနေရသော ပြဋ္ဌာန်းချက်ဖြစ်သည်။ သို့တည်းမဟုတ် ညွှန်ကြားချက်မျှသာ ဖြစ်သည်ဆို သော ပြဿနာမှာ အခြားတိုင်းပြည်များ၌လည်း မကြာခဏပေါ်ပေါက်ခဲ့သည်။

တရားလွှတ်တော်များက ဆုံးဖြတ်သည့် စီရင်ထုံးများကို၊ ဤရုံးတော်က လိုက်နာရန် တာဝန်မရှိသော်လည်း၊ အခြေခံဥပဒေဆိုသည်မှာ တနိုင်ငံနှင့်တနိုင်ငံ တူသောအချက်အလက်များပါရှိ၍၊ ထိုတရားရုံးများ၏ ဆုံးဖြတ်ချက်များကိုလည်း ကောင်းမွန်သင့်လျော်ရာ၌ အကိုးအကားပြုထိုက်ပေ သည်။ မြောက်မြားစွာသော စီရင်ထုံးတို့ကိုဘတ်ရှုလေ့လာရာ အများကပင်လက်ခံသော အချက်မှာအက် ဥပဒေဖြင့်သော်၎င်း၊ အခြေခံဥပဒေဖြင့်သော်၎င်း၊ ကိစ္စတခုခုကိုဆောင်ရွက်ရန် ပြဋ္ဌာန်းထားလျှင် ထိုပြဋ္ဌာန်းချက်မှာ မလုပ်မနေရသော အချက်သော်လည်းဖြစ်နိုင်သည်။ ညွှန်ကြားချက်မျှသော်လည်း ဖြစ်နိုင်သည်။ ခြားနားခြင်းမှာ မလုပ်မနေရဟူသောအချက်မှာ ရှောင်ဖယ်၍မရ၊ တသွေမတိမ် လိုက်နာရ မည်။ ညွှန်ကြားချက်သာဖြစ်ခဲ့ပါမူ၊ လိုက်နာနိုင်သမျှ လိုက်နာဆောင်ရွက်လျှင် လုံလောက်သည်။ တသွေ မတိမ်း လိုက်နာမိသည့်အတွက်ဆောင်ရွက်ပျက်ပြယ်သည်ဟု မယူဆနိုင်ချေ (Woodward v. Sarsons)[3]

မလိုက်နာလျှင်မနေရသော ပြဋ္ဌာန်းချက်ကိုမလိုက်နာဘဲ ပြုမူခဲ့ပါမူ၊ ပြုမူချက်မှာလုံးဝတရားမဝင်။ ညွှန်ကြားချက်သာ ဖြစ်ခဲ့ပါမူ၊ ပြုမူခဲ့ခြင်းမှာတည်မြဲသည်၊ ပြဋ္ဌာန်းထား သည့်အချက်တခုသည် မလုပ်မနေရသောအချက်ဖြစ်သည်၊ သို့တည်းမဟုတ် ညွှန်ကြားချက်သာဖြစ် သည်ဆိုသော ပြဿနာကိုဆုံးဖြတ်ရာ၌ အမြဲတစေလိုက်နာရန် စည်းမျဉ်းကို တိတိကျကျ လှေနံဓါးထစ် သတ်မှတ်၍မဖြစ်နိုင်။ တရားရုံး၏တာဝန်မှာ (Howard v. Bodington) စီရင်ထုံးတွင် ညွှန်ကြားထား သည့်အတိုင်း ပြဋ္ဌာန်းချက်မှာ မည်ရွေ့မည်မျှ အရေးကြီးသည်၊ ထိုပြဋ္ဌာန်းချက်သည် အဓိကရည်ရွယ် ချက်နှင့် မည်သို့သက်ဆိုင်သည်တို့ကို ချိန်ဆပြီးလျှင်၊ ပြဋ္ဌာန်းချက်တခုတည်းကိုသာ အဓိပ္ပါယ်မကောက် ဘဲ သက်ဆိုင်သမျှပြဋ္ဌာန်းချက်အားလုံးကို ခြုံ၍သုံးသပ်ရပေမည်။[4]

၁၈၁ (၁) တွင် သတ်မှတ်ထားသောအချက်များမှာ -

၁)     နိုင်ငံတော်သမတက ကရင်ပြည်နယ်ဝန်ကြီးခန့်ထားရမည်။

၂)     ထိုသူမှာ ပြည်နယ်မှ ပါလီမန်လွှတ်တော်အမတ်တဦးဖြစ်ရမည်။

ကချင်ပြည်နယ်ဝန်ကြီးမှာ၊ ကချင်အမျိုးသား အမတ်တဦးဖြစ်ရမည်။)

၃)     ထိုသူ၏အမည်ကို နိုင်ငံတော် ဝန်ကြီးချုပ်က၊ ကရင်ပြည်နယ်ကောင်စီနှင့် ညှိနှိုင်း တိုင်ပင်ပြီး တင်သွင်းရမည်။

ဤအချက်အားလုံးကိုပင် မလိုက်နာမနေရသော အချက်များဖြစ်ကြောင်း လျှောက်ထားသည်ကို၊ ဒေါက်တာဘမော်က ချေပရာ၌၊ အခြေခံဥပဒေပုဒ်မ ၅၆ (၂) အရ၊ နိုင်ငံတော် ဝန်ကြီးတဦးခန့်အပ်ရန် အမည်ကိုနိုင်ငံတော်သမတထံ တင်သွင်းရကြောင်း။ သို့ရာတွင် ရာထူးမှ နုတ်ထွက်စေလိုသောအခါ၊ ညှိနှိုင်းတိုင်ပင်ရန်ပင်မလိုကြောင်း။ ပုဒ်မ ၅၆(၃) အရ၊ နိုင်ငံတော်သမတ အား အကြံပေးလျှင် ပြီးမြောက်ကြောင်းတို့ကိုဖော်ပြသည်။ ခန့်အပ်ရန်သော်၎င်း၊ နုတ်ပယ်ရန်သော်၎င်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ အကြံပေးချက်ကို ၊ နိုင်ငံတော်သမတက လက်ခံရမည်ဖြစ်၍ ညှိနှိုင်းတိုင်ပင်ရ မည်ဟု ပြဋ္ဌာန်းျက်အကြံပေးလျှင် ပြီးမြောက်ကြောင်းတို့ကိုဖော်ပြသည်။ ခန့်အပ်ရန်သော်၎င်း၊ နုတ်ပယ်ရန်သော်၎င်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ အကြံပေးချက်ကို ၊ နိုင်ငံတော်သမတက လက်ခံရမည်ဖြစ်၍ ညှိနှိုင်းတိုင်ပင်ရမည်ဟု ပြဋ္ဌာန်းချက်ကဆိုစေကာမူ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဆန္ဒ အတိုင်းသာလျှင် နောက်ဆုံး၌ဖြစ်ရန်ရှိသဖြင့်၊ နှစ်ဦးနှစ်ဘက် သဘောတူညီမှုရလိုရငြားအတွက်သာ တိုင်ပင်ရခြင်းဖြစ်သည်ဟုလျှောက်ထားသည်။ အခြေခံဥပဒေပုဒ်မ ၁၁၅ အရလည်း၊ အစိုးရအဖွဲ့သည် အဖွဲ့လိုက်စုပေါင်းတာဝန်ခံရမည်ဖြစ်၍၊ နိုင်ငံတော် ဝန်ကြီးချုပ်သည် မိမိအား ပဋိပက္ခပြုမည့်သူ တဦးတယောက်ကို ၊ ပြည်နယ်ဝန်ကြီး ခန့်အပ်နိုင်လိမ့်မည် မဟုတ်ဟုလည်း ထပ်မံလျှောက်ထားပြန် သည်။

ပြည်နယ်များနှင့်သက်ဆိုင်ရာပြဋ္ဌာန်းချက်များ ကိုလေ့လာကြည့် ရှုရာ၊ ပြည်နယ်စီရင်အုပ်ချုပ်ရေးကိစ္စများကို တာဝန်ယူ၍ဆောင်ရွက်ရသူ၊ ပြည်နယ်ဥက္ကဋ္ဌများရှိရန်လို သည်မှာ အဓိကအချက်ဖြစ်သည်။ သို့အတွက် ပြည်နယ်ဥက္ကဋ္ဌ ခန့်ရမည့်ဆိုသည့်အချက်မှာ မလုပ်မနေရ သောအချက်ဖြစ်သည်။ ပြည်နယ်ပါလီမန်အမတ်တဦးဦးကို၊ သို့တည်းမဟုတ် ကချင်အမျိုးသာအမတ် တဦးဦးကို ခန့်အပ်ရမည် ဆိုသည်မှာလည်း မလိုက်နာဘဲနေ၍ ဖြစ်မည်မဟုတ်။ ညှိနှိုင်းတိုင်ပင်ရမည်ဆို သည်မှာ လိုက်နာနိုင်သမျှ လိုက်နာရမည်ဖြစ်သည်။ မလိုက်နာနိုင်၍ ပြဋ္ဌာန်းချက်ကို မလိုက်နာခြင်းနှင့် လိုက်နာနိုင်ပါလျက်၊ မလိုက်နာခြင်းမှာ အလွန်ခြားနားသည်။ နောက်ဆုံး၌ ဝန်ကြီးချုပ်၏ဆန္ဒအတိုင်း ဖြစ်ရမည်ဟု ကိုးကားပြီးလျှင်၊ ဝန်ကြီးချုပ်က တိုင်ပင်နိုင်ပါလျက် မတိုင်ပင်ဘဲ မိမိလိုလားသည့် အမတ် တဦး၏အမည် တင်သွင်းလျှင်၊ ဥပဒေကို ဆန့်ကျင်ရာရောက်မည်။ ပြည်နယ်နှင့်တကွ ပြည်ထောင်စု အကျိုးကိုထောက်ထား၍ ဆောင်ရွက်ရန်ကိစ္စရှိသမျှကို မိမိနှင့်အတူ ဆောင်ရွက်နိုင်မည့်သူကို ရွေးချယ် ရမည်ဖြစ်သည်။ ဤကဲ့သို့ ရွေးချယ်ရာ၌ ကောင်စီ၏သဘောကို သိရှိနိုင်စေရန် ညှိနှိုင်းတိုင်ပင်ရမည်ဟု ပြဋ္ဌာန်းထားခြင်းဖြစ်သည်။

( Biswanath Khemka v. Emperor)[5] ဖြစ်သည်။ ၁၉၃၅ ခုနှစ်၊ အိန္ဒိယပြည်အုပ်ချုပ်ရေး အက်ဥပဒေပုဒ်မ ၁၂၆ အရ၊ ပုဂ္ဂိုလ်တဦးအား ရာဇဝတ်အာဏာ အပ်နှင်း ရာ၌သော်၎င်း၊ ထိုအာဏာကိုနုတ်သိမ်းရာ၌သော်၎င်း၊ ခရိုင်ဝန်နှင့်ညှိနှိုင်းတိုင်ပင်ပြီးမှ (“after consultation with”) ဆောင်ရွက်ရမည်ဆိုသော ပြဋ္ဌာန်းချက်မှာ ညွှန်ကြားချက်သာဖြစ်၍ ညှိနှိုင်းတိုင် ပင်ခြင်းမရှိခဲ့သော်လည်း အာဏာအပ်ခြင်းမှာ တရားဝင်သည်ဟု ဆုံးဖြတ်ခဲ့သည်။

ပြည်နယ်ကောင်စီနှင့် ညှိနှိုင်းတိုင်ပင်ရန် မဖြစ်နိုင်လောက်သော အခြေသို့ဆိုက် ရောက်၍၊ ညှိနှိုင်းတိုင်ပင်းခြင်းမပြုခဲ့ရပါဆိုသောအချက်သည် ဥပဒေဆိုရိုးစကား “ဥပဒေဆိုသည်ကို မရည်ရွယ်” (Lex non cogit impossibilia) နှင့်လည်းကိုက်ညီသည်။ အဓိပ္ပါယ်မှာ တာဝန်ခုခုဆောင် ရွက်ရာ၌ ပြဋ္ဌာန်းထားသော နည်းအတိုင်းလုပ်ရန် လုံးဝမဖြစ်နိုင်ပါက၊ ပြဋ္ဌာန်းချက်ကို လိုက်နာရန်မလို။ ယခုကိစ္စတွင် ညှိနှိုင်းတိုင်ပင်ရန်အတွက်၊ ပြည်နယ်ကောင်စီကိုဆင့်ခေါ်နိုင်သည့် အာဏာပိုင်သူအကယ် ပင်မရှိသဖြင့်၊ တိုင်ပင်ရန်မဆိုထားဘိ၊တွေ့ဆုံးရန်ပင်မဖြစ်နိုင်တော့ပေ။ ဤကဲ့သို့ ဆင့်ခေါ်ခြင်း မဖြစ် နိုင်အောင်လည်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဖန်တီးခဲ့သည်မဟုတ်။ လက်ရှိဝန်ကြီးက နုတ်ထွက်သွား၍ သာ၊ ဤအခြေသို့ရောက်ရှိခဲ့ရသည်။ ပုဒ်မ ၁၈၁ (၁)အရ၊ ညှိနှိုင်းတိုင်ပင်ရမည်မှာလည်း၊ အဖွဲ့ဝင်များ အား ပုဂ္ဂိုလ်အနေဖြင့်မဟုတ်ဘဲ၊ ပြည်နယ်ကောင်စီအာ အဖွဲ့အနေဖြင့် တိုင်ပင်ညှိနှိုင်းရမည်ဖြစ်၍၊ ဥပဒေနှင့်အညီ ဆင့်ခေါ်မှသာ အစည်းအဝေးသော်၎င်း၊ ညီလာခံသော်၎င်း၊ အထမြောက်ပေမည်။ ညှိနှိုင်းတိုင်ပင်ရန်အလို့ငှါ၊ ပြည်နယ်ကောင်စီကိုဆင့်ခေါ်နိုင်သည့် အာဏာရှိသူ ပြည်နယ် ဥက္ကဋ္ဌတဦးကို ယာယီသဘောဖြင့် ဖန်တီးပေးခြင်းသာ ဖြစ်သည့်အလျောက်၊ ဤသို့ဆောင်ရွက်ခဲ့ခြင်းသည် ပျက်ပြယ်သည်ဟု၎င်း၊ ဥပဒေနှင့်ဆန့်ကျင်သည်ဟု၎င်း၊ ဤရုံးတော်က မယူဆနိုင်ပေ။

ဤရုံးတော်၏ယူဆချက်ကို ဖော်ပြနိုင်ရမည်ဆိုလျှင်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေသည် ပြည်ထောင်စုကြီးမပြိုကွဲမပျက်စီးစေရန် ထိန်ထားသော အကွပ်ဖြစ်သည့်အားလျော်စွာ ထို အခြေခံဥပဒေကို တသွေမတိမ်းလိုက်နာသော ဆောင်ရွက်ရန်မှာ၊ ပြည်ထောင်စုသားတိုင်း၏ တာဝန်ဖြစ် သည်။ သို့ရာတွင် အခြေခံဥပဒေဆိုသည်မှာ ၊ပစ္စပ္ပါန်ကာလအတွက်သာခေတ္တတည်မြဲသော ဥပဒေမျိုး မဟုတ်။ နောင်လာလတံ့သော အနာဂတ်ကာလ၌ ပေါ်ပေါက်မည့်မှုခင်းကိစ္စအဝဝအတွက်လည်း အာဏာတည်ရမည်ဖြစ်သဖြင့်၊ နောင်ဖြစ်ပေါ်မည့်ကိစ္စတိုင်းအတွက် အသေးစိတ်အားဖြင့် ပြဋ္ဌာန်းခြင်းမ ပြုနိုင်ပေ။ ယခုကဲ့သို့ မမြှော်လင့်သော အခက်အခဲမျိုး ပေါ်ပေါက်လာသည့်အခါ၊ အုပ်ချုပ်ရေး ဥပဒေပြု ရေး၊ တရားစီရင်ရေးစသည့်တို့ ဆိတ်သုဉ်းခြင်းမဖြစ်စေရလေအောင် အဓိပ္ပါယ်ကောက်ယူ၍ ဆောင်ရွက် ရမည်ဖြစ်သည်ကို သတိချပ်ရပေမည်။

ဤရုံးတော်က အောက်ပါတိုင်း ဖြေဆိုပါသည်။

၁)     စောလူလူနှင့်ဒူဝါးဇော်ရစ်တို့၏ အမည်များကို တင်သွင်းရာ၌ အခြေအနေအရ၊ ပြည်နယ်ကောင်စီများနှင့်ညှိနှိုင်းတိုင်ပင်ရန်နည်းလမ်းမရှိ၍၊ ညှိနှိုင်းတိုင်ပင်ခြင်း မပြုဘဲ၊ ယာယီအားဖြင့်ခန့်အပ်ရန် နိုင်ငံတော် ဝန်ကြီးချုပ်က တင်သွင်းခြင်းမှာ အခြေခံဥပဒေနှင့်ဆန့်ကျင်သည်ဟု မယူဆနိုင်ချေ။

၂)     အခြားနည်းလမ်းမရှိ။

၃)     ပြည်နယ် ဥက္ကဋ္ဌ မရှိလျှင်၊ အုပ်ချုပ်ရေးကိုပင် တာဝန်ယူ၍ ဆောင်ရွက်နိုင်မည့်သူ ရှိမည်မဟုတ်၍၊ မခန့်အပ်ဘဲမထားသင့်။

ဤအခက်အခဲမျိုးနှင့် တွေ့ကြုံခြင်းမှ ကင်းလွတ်စေရန်၊ ပြည်နယ်များအတွက် လိုအပ်သည့်အက်ဥပဒေများကို ပြဋ္ဌာန်းထားသင့်ကြောင်းကိုဖော်ပြရပေမည်။ ကရင်ပြည်နယ်အတွက် ဆိုလျှင် ပုဒ်မ ၁၈၁ (၁) အရ၊ ပြည်နယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စအားလုံးကို တရား ဥပဒေဖြင့် ပြဋ္ဌာန်းသတ်မှတ်နိုင်သည်ဖြစ်၍၊ ပြည်နယ်ဥက္ကဋ္ဌမရှိသောအခါများတွင် အုပ်ချုပ်ရေးဆက် လက်တည်မြဲစေရန်နှင့် ပြည်နယ်ကောင်စီကိုဆင့်ခေါ်နိုင်ရန် ဥပဒေပြဋ္ဌာန်းသင့်ကြောင်းကို ဤရုံးတော် က သတိပေးနှိုးဆော်လိုက်ပါသည်။         

 

         

 


[1] ၁၉၅၈ ခုနစ်၊ လွှဲအပ်မှုအမှတ် ၂၊

နိုင်ငံတော်တရားဝန်ကြီးချုပ် ဦးမြင့်သိန်း၊ တရားဝန်ကြီး ဦးချန်ထွန်းနှင့် တရားဝန်ကြီး ဦးဘိုကြီးတို့က အမိန့်ချမှတ်သည်။

[2]  (1953)  B.L.R. (S.C) 30.

[3] (1875) K R. 10 C.P.733 at 746.

[4] You cannot go safely further than that in each case you must look to the subject-matter, consider the importance of the provision to the general object intended to be secured by the Act, and upon a review of the case in that case in that aspect decide whother the enactment is what is called inperalive or only directory.”” [Craies on Statute Law, P. 242, (1877), 2 P.D. 203 at 211.

[5]  (1945) A.I.R. (F.C) 67.