Main menu

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ရုံးလုပ်ငန်းနှင့်ကွန်ပျူတာအသုံးပြုခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ စက်တင်ဘာလ ၁၈ ရက်

        နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ၁၈-၉-၂၀၂၃ ရက်နေ့မှ ၁၃-၁၀-၂၀၂၃ ရက်နေ့ အထိ ရက်သတ္တ(၄)ပတ်ကြာ ဖွင့်လှစ်ပို့ချမည့် ရုံးလုပ်ငန်းနှင့်ကွန်ပျူတာအသုံးပြုခြင်းသင်တန်းအမှတ်စဉ် (၁/၂၀၂၃)သင်တန်းဖွင့်ပွဲအခမ်းအနားအား ၁၈-၉-၂၀၂၃ ရက်နေ့တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးရှိ ရုံးခန်းအမှတ်(၂)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

      အဆိုပါသင်တန်းအား နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် အသစ်ခန့်အပ်ခဲ့သည့် ဦးစီးအရာရှိရာထူးအဆင့် အရာထမ်းများနှင့် ဒုတိယဦးစီးမှူးများအတွက် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး သင်တန်းတွင် ဝန်ထမ်းတစ်ဦးလိုက်နာစောင့်ထိန်းရမည့် စည်းမျဉ်းစည်းကမ်းများကို နားလည် စေရန်နှင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင်  မှန်ကန်မြန်ဆန်စေရန် ရုံးစာရေးသားနည်း၊ ဝန်ထမ်း ကျင့်ဝတ်ဆိုင်ရာစံတန်ဖိုး၊ ဝန်ထမ်းကျင့်ဝတ်နှင့်စည်းမျဉ်းများ၊ ငွေစာရင်းထိန်းသိမ်းရေးနှင့် ဘဏ္ဍာရေး ကျင့်စဉ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆက်စပ်ဥပဒေများ၊ ခုံရုံးဥပဒေ၊ ခုံရုံးနည်းဥပဒေနှင့် တရားစီရင်ရေး ဆိုင်ရာလုပ်ငန်းတာဝန်များနှင့်စပ်လျဉ်းသောကိစ္စရပ်များ၊ စီရင်ချက်ရေးသားခြင်း (Judgement Writing)၊ ထောက်ပံ့ဘာသာရပ်၊ အင်္ဂလိပ်စာဘာသာရပ်၊ ရုံးလုပ်ငန်းသုံး အခြေခံကွန်ပျူတာဘာသာရပ်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်ပါသည်။

        သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ပြီး အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။