Main menu

မန္တလေးတိုင်းဒေသကြီး

မန္တလေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် တည်ရှိသည်။ အရှေ့ဖက်တွင် ရှမ်းပြည်နယ်၊ အနောက်ဖက်တွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး၊ တောင်ဖက်တွင် ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ် နှင့် မြောက်ဖက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တို့က အသီးသီးဝန်းရံလျက်ရှိသည်။ တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သော မန္တလေးမြို့၌ မြန်မာတို့၏ နောက်ဆုံးမင်းများ စိုးစံခဲ့သော မြနန်းစံကျော် ရွှေနန်းတော်တည်ရှိသည်။ ပထမမြန်မာနိုင်ငံ၏ မြို့တော်ဖြစ်ခဲ့သော ပုဂံမြို့ဟောင်းမှာ မန္တလေးတိုင်းဒေသကြီးတွင်း၌ တည်ရှိပြီး လက်ရှိ အစိုးရအဖွဲ့များ ရုံးစိုက်ရာ နေပြည်တော် ပြည်ထောင်စုနယ်မြေကို မန္တလေးတိုင်းဒေသကြီးမှ ပတ်ပတ်လည် ဝန်းရံထားသည်။

မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့တော်ဖြစ်သော မန္တလေးကို ခရစ်နှစ် ၁၈၅၇ ခုနှစ် တွင် တည်ထောင်ခဲ့ပါသည်။ မန္တလေးမြို့သည် မြန်မာနိုင်ငံအလယ်ပိုင်းရှိ ဧရာဝတီမြစ်၏ အရှေ့ဖက်ကမ်းပေါ်တွင် တည်ရှိပါသည်။ “မန္တလေးတောင်” ကိုအစွဲပြု၍ “မန္တလေး” ဟု အမည်တွင်ခဲ့ပြီး ယင်းအမည်သည် လူအများအတွက် နှစ်ပေါင်းများစွာ စဉ်းစားစရာတစ်ခု ဖြစ်ခဲ့သည်။ မန္တလေးသည် အင်္ဂလိပ်စာရေးဆရာ ရုဒ်ယတ် ကစ်ပလင်း (Rudyard Kipling) ဖွဲ့ဆိုခဲ့သည့် “မန္တလေး (Mandalay)” ကဗျာ၊ အိုလီစပိခ် (Oley Speaks) ရေးဖွဲ့ခဲ့သည့် “မန္တလေးသို့သွားသောလမ်းပေါ်ဝယ် (On the road to Mandalay)” သီချင်း၊ ဂျော့အော်ဝဲ (George Orwell) ရေးသားသော “မြန်မာပြည်၏နေ့ရက်များ (Burmese Day)” ဝတ္ထုတို့ ကြောင့်လည်းထင်ရှားလူသိများခဲ့သည်။

ယနေ့မြင်တွေ့နေကြရသော မန္တလေးသည် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ စုဝေး ရာဒေသတစ်ခုဖြစ်ပြီး အံ့ဩဖွယ်ရာပန်းတမော့အနုပညာနှင့် ဗိသုကာလက်ရာများ ထွန်းကား သောနိုင်ငံ၏ ဘာသာသာသနာထွန်းကားရာ ယဉ်ကျေးမှုနယ်မြေများထဲမှ တစ်ခုအပါအဝင် ဖြစ်ပါသည်။ မန္တလေးသည် မြန်မာနိုင်ငံ၏ စီးပွားရေး၊ ပညာရေးနှင့်ကျန်းမာရေးတို့အတွက် အဓိကအချက်အချာကျပြီး ASEAN Smart Cities Network စာရင်း၌ ပဉ္စမနေရာတွင် ရပ်တည်လျက်ရှိပါသည်။ ယခုလက်ရှိ ခေတ်မီဖွံ့ဖြိုးတိုးတက်နေမှုနှင့် ရှေးဟောင်းသမိုင်း ရာဇဝင်တို့ ရောနှောနေသည့် တမူထူးခြားသော ခံစားမှုမျိုးကို မန္တလေးတွင် မျက်မြင်ခံစား နိုင်ပါသည်။

သမိုင်းကြောင်း

မန္တလေးတိုင်းကို မြန်မာမင်းများ လက်ထက်က တမ္ပဒီပတိုင်းဟု ခေါ်ခဲ့ကြသည်။ တိုင်းချစ်၊ ပြည်ချစ်၊ မျိုးချစ်စိတ်တို့ ထွန်းပေါက်ဖွားရာဒေသဟု ပညာရှင်များက သတ်မှတ်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤတိုင်းဒေသအတွင်းရှိ အမရပူရတောင်ပိုင်း တောင်သမန်၊ ရွှေစာရံ၊ ပုပ္ပါး စသည့် ဒေသတစ်ဝိုက်တွင် ကျောက်ခေတ်ကာလမှစ၍ မြန်မာ့ယဉ်ကျေးမှု အခြေခံ အညာသားယဉ်ကျေးမှုတစ်ရပ် ထူတောင်ခဲ့ခြင်း (ထိုဒေသများတွင် ကျောက်ခေတ်ဦးပိုင်း လူသားများ အသုံးပြုခဲ့သည့် အသုံးအဆောင်များ၊ ကျောက်လက်နက်များ တစ်ပုံတစ်ပင် တွေ့ရှိခဲ့ရ။ ထိုအသုံးပြုခဲ့သော ခေတ်ကာလကို “အညာသားယဉ်ကျေးမှု” (Anyarthian Culture)ဟု ခေါ်တွင်ခဲ့ကြသည်)၊ သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုးမြို့ဟောင်းနှင့် ခေတ်ပြိုင် မိုင်းမော၊ ဝတီး စသည့် ပျူရှေးဟောင်းမြို့များ တည်ရှိခြင်း၊ တကောင်း(ဘီစီ-၂)၊ ပုဂံ(အေဒီ– ၈၄၉)၊ အမရပူရ(အေဒီ- ၁၁၄၄)၊ ပင်းယ(အေဒီ-၁၃၁၂)၊ အင်းဝ(အေဒီ-၁၃၆၄)၊ ညောင်ရမ်း(အေဒီ-၁၅၉၇)၊ ရတနာပုံ(အေဒီ-၁၈၅၉) စသော မြန်မာမင်းနေပြည်တော်များ စတင်တည်ထောင်ခဲ့ခြင်း၊ (အေဒီ-၁၀၄၄) ပုဂံအနော်ရထာမင်းလက်ထက်တွင် ပထမမြန်မာနိုင်ငံတော် ထူထောင်ခဲ့ခြင်း၊ လယ်ကွင်း(၁၁)ခရိုင် (နောင် (၉)ခရိုင်)တွင် လယ်ယာစိုက်ပျိုးမှု ထွန်းကားခဲ့ခြင်း၊ (အေဒီ-၁၁၁၂)မှ စ၍ မြန်မာစာအရေးအသား ပေါ်ပေါက်ခဲ့ခြင်း၊ ပင်းမြို့(၄၃)မြို့ ထူထောင်၍ ကာကွယ်ရေး တည်ဆောက်နိုင်ခဲ့ခြင်းတို့ကြောင့် ဖြစ်သည်။

ခရစ်နှစ် ၁၈၅၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မန္တလေးတောင်ခြေ၌ ကျုံးမြို့ရိုး လေးဘက် လေးတန်ကာရံ၍ မြန်မာဘုရင် မင်းတုန်းမင်းမှ မန္တလေးနန်းတော်ကို စတင်တည်ဆောက် ခဲ့သည်။ သာသနာတော်နှစ် ၂၄၀၀ ပြည့်အထိမ်းအမှတ်ပွဲတော် ကျင်းပရာနေရာအတိအကျ တွင် ဗုဒ္ဓဘာသာထွန်းကားသည့် မြို့တည်ရမည်ဟူသော ဟောကိန်းအရ နန်းတော်ကို ဆောက်လုပ်ခဲ့သည်။ ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးမင်းနေပြည်တော်အဖြစ် ယနေ့ မြင်တွေ့နေရသော မန္တလေးရွှေမြို့တော်ကြီးသည် ဗြိတိသျှအင်ပါယာမှ မသိမ်းပိုက်မီ နှစ်ပေါင်း ၂၆ နှစ်တိုင်တိုင် တောင့်တင်းခိုင်မာသော မြို့ကြီးတစ်မြို့အဖြစ်ရပ်တည်ခဲ့သည်။ မန္တလေးမြို့တော်သည် ဒုတိယကမ္ဘာစစ်ကြောင့် အကြီးအကျယ်ထိခိုက်ပျက်စီးမှုများစွာ ဖြစ်ပွားခဲ့ပြီး တော်ဝင်ဒင်္ဂါးသွန်းစက်ရုံနှင့် နန်းမြင့်မျှော်စင်တို့သာ အပျက်အစီးမရှိ ကြွင်းကျန် ရစ်ခဲ့သည်။

တည်နေရာနှင့် အကျယ်အဝန်း
မန္တလေးတိုင်းဒေသကြီးသည် မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၂၀မိနစ် နှင့် ၂၃ ဒီဂရီ ၄၅မိနစ်အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄၅မိနစ် နှင့် ၉၇ ဒီဂရီ အကြားတွင် တည်ရှိသည်။ ဧရိယာ စုစုပေါင်း ၁၁၉၂၅.၉၆ စတုရန်းမိုင်[၂] ကျယ်ဝန်းသည်။ လူနေသိပ်သည်းသော ဒေသလည်းဖြစ်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၆,၁၆၅,၇၂၃ ယောက်[၁] ရှိသည်။

ရာသီဥတု
ကွဲပြားခြားနားသော ရာသီဥတုများကို တွေ့ရသည်။ အရှေ့ဖက် တောင်တန်းဒေသများ(မိုးကုတ် နှင့် ပြင်ဦးလွင်) တွင် ပူနွေးစိုစွတ်သော ရာသီဥတုမျိုးတွေ့ရသည်။ ၎င်းဒေသများတွင် အပူချိန်မှာ ၇၀ ဒီဂရီ ဖာရင်ဟိုက် မှ ၇၅ ဒီဂရီ ဖာရင်ဟိုက်ထိရှိသည်။ ဆောင်းဥတုတွင် ၆၀ ဒီဂရီဖာရင်ဟိုက်သာ ရှိတတ်သည်။ မိုးရေချိန်မှာ မိုးကုတ်မြို့တွင် ၁၀ဝ လက်မ၊ ပြင်ဦးလွင်မြို့တွင် ၆၀ လက်မကျော် ထိရရှိပါသည်။

တောင်ပိုင်းဒေသများတွင် ပူပြင်းခြောက်သွေ့သည့် ရာသီဥတုမျိုးကိုတွေ့ရသည်။ ပျှမ်းမျှအပူချိန်မှာ ၈၈ ဒီဂရီ ဖာရင်ဟိုက်ဖြစ်ပြီး နေ့ခင်းဘက်အပူချိန်မှာ ၁၁၀ ဒီဂရီဖာရင်ဟိုက်ထိရှိတတ်သည်။ ဆောင်းဥတုတွင်မူ အပူချိန်မှာ ၅၀ ဒီဂရီထိ ကျဆင်းတတ်သည်။ မိုးရေချိန်မှာ မန္တလေးနှင့်ကျောက်ဆည်လွင်ပြင်တွင် ၃၂ မှ ၃၄ လက်မ၊ အလယ်ပိုင်းရှိ မြင်းခြံတွင် ၂၇ လက်မ၊ ပုပ္ပါးတောင်တစ်ဝိုက်ဒေသများတွင် ၄၀ လက်မ ထိရှိတတ်ပြီး ကျန်တောင်ပိုင်းဒေသများတွင် ၅၆ လက်မ ထိရွာသွန်းတတ်ပါသည်။

အုပ်ချုပ်ရေး

မန္တ​လေးတိုင်းကို ယခင်က ၂၆ဘီလမ်းနှင့် ၆၆လမ်း​ထောင့်ရှိ တိုင်း​​အေးချမ်းသာယာ​ရေးနှင့် ဖွံ့ဖြိုး​ရေး​ကောင်စီမှ အုပ်ချုပ်ခဲ့သည်။၂၀၁၁ခုနှစ် အစိုးရအသစ်တက်လာချိန်မှစကာ မန္တ​လေးတိုင်း​ဒေသကြီးအစိုးရအဖွဲ့ရုံးအဖြစ် ၆၄လမ်းနှင့် ၂၄လမ်း​ထောင့်တွင် ဖွင့်လှစ်ကာ တိုင်း​ဒေသကြီးဝန်ကြီးချုပ် အမှူးပြု​​သော တိုင်း​ဒေသကြီးဝန်ကြီးများမှ အုပ်ချုပ်သည်။

ဥပဒေပြုရေး

၂၀၁၁ခုနှစ် စနစ်အသစ်မှစတင်ကာ မန္တ​လေးတိုင်း​ဒေသကြီးအတွက် တိုင်း​ဒေသကြီးလွှတ်​တော်ကိုယ်စားလှယ်များနှင့် တပ်မ​တော်သားလွှတ်​တော်ကိုယ်စားလှယ်များပါဝင်​သော တိုင်း​ဒေသကြီးဥပ​ဒေပြုလွှတ်​တော် စတင်ကျင်းပခဲ့သည်။မူလလွှတ်​တော်မှာ ၆၅လမ်းနှင့် ၂၄လမ်း​​ထောင့်ရှိ တိုင်းတရားလွှတ်​တော်အ​ဆောက်အအုံတွင် တည်ရှိခဲ့ကာ ဒုတိယအကြိမ်လွှတ်​တော်သက်တမ်းမှစ၍ ၉လမ်း လမ်း၇၀နှင့် ၇၃လမ်းကြားရှိ လွှတ်​တော်အ​ဆောက်အအုံတွင် ကျင်းပခဲ့သည်။

ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ
မန္တလေးတိုင်းဒေသကြီးတွင် ခရိုင် (၇)ခု ရှိသည်။

ခရိုင်များ

မန္တလေးခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်၊ မြင်းခြံခရိုင်၊ ညောင်ဦးခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ရမည်းသင်းခရိုင်

မြို့နယ်ပေါင်း (၂၈) ခု ရှိသည်။

အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရ၊ ပုသိမ်ကြီး၊ ပြင်ဦးလွင်၊ မတ္တရာ၊ စဉ့်ကူး၊ မိုးကုတ်၊ သပိတ်ကျဉ်း၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦး၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ကျောက်ပန်းတောင်း၊ ငါန်းဇွန်၊ ညောင်ဦး၊ ရမည်းသင်း၊ ပျော်ဘွယ်၊ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်း၊ မြို့ပေါင်း (၂၈) မြို့၊ ရပ်ကွက်ပေါင်း (၂၇၁) ကွက်၊ ကျေးရွာအုပ်စု (၁၄၁၅) အုပ်စု၊ ရွာပေါင်း (၄၇၇၇) ရွာ ရှိသည်။

အခြား မြို့ရွာများ
အေလာ၊ အမရပူရ၊ အနီးစခန်း၊ ပုဂံ၊ ဘဲလင်း၊ ဟန်ဇား၊ လှိုင်းတတ်၊ အင်းကုန်း၊ ကန်မြဲ၊ ကနွား၊ ကင်းရွာ၊ ကုက္ကိုစု၊ ကူမဲ၊ ကြံညှပ်၊ ကျယ်ကန်၊ ကြည်ထောင်ကန်၊ လက်ပန်လှ၊ လက်ဝဲ၊ မတ္တရာ၊ မလှိုင်၊ မင်းပြင်၊        မင်းကုန်း၊ မိုးကုတ်၊ မြင်းနီ၊ မြစ်သား၊ မြို့လှ၊ နဘူးအိုင်၊ နွားထိုးကြီး၊ ညောင်လွန်း၊ ညောင်အုပ်၊ ညောင်ရမ်း၊ ပန်းအိုင်၊ ပုသိမ်ကြီး၊ ပရံကစု၊ ပင်းတလဲ၊ လေးမျက်နှာရွာ၊ တဲစုရွာ၊ သုံးဒေါင့်အိုင်၊ ပုပ္ပားရွာ၊ ပျော်ဘွယ်၊    ပြင်စာ၊ ပြင်စည်၊ ပြည်ညောင်၊ စပါယ်နဂို၊ ဆည်တော်၊ ဆိတ်ထိန်း၊ ရှမ်းရွာ၊ ရွှေတောင်၊ ရွှေစာရံ၊ ဆီမီးခုံ၊ စဉ့်ကူး၊ စဉ့်ကိုင်၊ တံတားဦး၊ ဂွေးကုန်း၊ တကောင်း၊ သပိတ်ကျင်း၊ သာဝတ္တိ၊ သာစည်၊ သဲတော၊ တွင်းငယ်၊    ဝါးဖြူတောင်၊ ဝဲလောင်၊ ဝက်လူး၊ ဝက်ဝံရွာ၊ ဝမ်းတွင်း၊ ရမည်းသင်း၊ ရတနာပုံ နည်းပညာ မြို့သစ်၊ ရန္တပို၊ ယင်းမာပင်၊ ရွာတော်

၂၀၁၄ခုနှစ် သန်း​ခေါင်စာရင်းအရ မန္တ​လေးတိုင်း​ဒေသကြီး၏ လူဦး​ရေသည် ၆၁၆၅၇၂၃ဦးဖြစ်ကာ ကျားဦး​ရေ ၂၉၂၈၃၆၇ မဦး​ရေမှာ ၃၂၃၇၃၅၆ဦးဖြစ်သည်။မြန်မာနိုင်ငံလူဦး​ရေ ၅၄သန်း၏ ၁၂ရာခိုင်နှုန်းဖြစ်ကာ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းပြီးလျှင် တတိယအများဆုံးဖြစ်သည်။

မန္တလေးသည် ခရီးသွားများအတွက် အံ့ဩဖွယ်ကောင်းသော လည်ပတ်စရာနေရာ များပြည့်နှက်နေသည့် မြို့ကြီးတစ်မြို့ဖြစ်ပါသည်။ ခရီးသွားဧည့်သည်တိုင်း ဤမြို့ကို ချစ်မြတ်နိုးကြမည်မှာ ဧကန်စင်စစ်ပင်ဖြစ်သည်။ ဘုန်းကြီးကျောင်းများနှင့် ဘုရားကျောင်း ကန်များတွင်လည်း မြန်မာနိုင်ငံ၏ အကောင်းဆုံးသော ရှေးဟောင်းဗိသုကာလက်ရာများကို လေ့လာနိုင်ပါသည်။ ဘာသာတရားကိုင်းရှိုင်းသော ဒေသခံပြည်သူများနှင့် နိုင်ငံတကာ ခရီးသွားများအတွက် ဝတ်ပြုဆုတောင်းနိုင်သည့်နေရာများလည်း ပေါများလှပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ဘာသာသာသနာဆိုင်ရာ ပထမဆုံးအတွေ့အကြုံကို ကိုယ်တိုင် ကိုယ်ကျတစ်ဖက်တစ်လမ်းမှလေ့လာနိုင်မည့် တမူထူးခြားသော အခွင့်အလမ်းတစ်ရပ်ကို လည်းရရှိနိုင်မည်ဖြစ်ပါသည်။ မန္တလေးတောင်အနီးရှိ ဘုန်းကြီးကျောင်းများကို သွားရောက် လည်ပတ်မည်ဆိုပါက ခေတ်မှီမော်တော်ယာဉ်များအကြားတွင် သန့်စင်မွန်မြတ်လှစွာသော သင်္ကန်းကိုရုံကာ လမ်းတစ်လျှောက် ဆွမ်းခံကြွတော်မူကြသော ဘုန်းတော်ကြီးများ၏ ကြည်ညိုဖွယ်မြင်ကွင်းကိုလည်း တွေ့မြင်နိုင်မည်ဖြစ်ပါသည်။

မန္တလေးတောင်သည် မန္တလေးမြို့တစ်မြို့လုံးကို နောက်ခံထား၍ သဘာဝနေဝင်ချိန် သို့မဟုတ် နေထွက်ချိန်၏ အလှအပကိုခံစားရန် အကောင်းဆုံးနေရာတစ်ခုဖြစ်ပါသည်။ မန္တလေးတောင်ထိပ်ပေါ်မှ မြင်တွေ့ရသော မြင်ကွင်းမှာ အံ့ဩမှင်သက်ဖွယ်ကောင်းလှ ပေသည်။ Instagram ကဲ့သို့သော လူမှုကွန်ယက်များပေါ်တွင်မျှဝေရန် အကောင်းဆုံးသော ဓာတ်ပုံများရိုက်ယူနိုင်မည့် အခွင့်အလမ်းများရရှိနိုင်ပါသည်။ ထိုမျှသာမက မန္တလေးမြို့မှ မိနစ် (၂၀)ခန့်မောင်းနှင်ရသောနေရာတွင်ရှိသည့် ကမ္ဘာအရှည်ဆုံး သစ်သားတံတား ဖြစ်သော “ဦးပိန်” တံတားပေါ်တွင်လည်း လမ်းလျှောက်နိုင်ပါသည်။

တန်ဖိုးကြီးအမှတ်တရပစ္စည်းများ ဝယ်ယူရန်အတွက်လည်း နာမည်ကျော်ကြား လူကြိုက်များသော ၄၂ လမ်းရှိ ကျောက်စိမ်း ရောင်းဝယ်ရေးစခန်း (ကျောက်ဝိုင်း) ရှိပြီး ကျောက်ဝိုင်းတလျှောက်ပတ်၍ လိုအပ်သလို ရွေးချယ်ဝယ်ယူနိုင်ပါသည်။ ဒေသထွက် ကျောက်မျက်ရတနာထုတ်ကုန်များကိုလည်း ဝယ်ယူနိုင်ပါသည်။ ကျောက်မျက်ရတနာများ ကိုနှစ်သက်မြတ်နိုးသူဖြစ်ပါက ကျောက်စိမ်းအသုံးအဆောင်များနှင့် ကျောက်မျက်ရတနာ များဖြင့်ပြုလုပ်ထားသော လက်ဝတ်ရတနာပစ္စည်းများကို ပြုလုပ်ဝယ်ယူနိုင်ပါသေးသည်။ မန္တလေးကို အဘယ့်ကြောင့် ယဉ်ကျေးမှုမြို့တော်ဟု မကြာခဏခေါ်ဆိုကြခြင်းကို မန္တလေးသို့ ရောက်ရှိမှသာ သိရှိနိုင်မည်ဖြစ်ပါသည်။

စိတ်ဝင်စားဖွယ်နေရာများ

ကုသိုလ်တော်ဘုရား

မဟာလောကမာရဇိန်ဘွဲ့အမည်ရှိ ကုသိုလ်တော်ဘုရားသည် မန္တလေးတောင်ခြေတွင်တည်ရှိပြီး၊ ၁၈၅၇ ခုနှစ်တွင် မင်းတုန်းမင်း၏ ကုသိုလ်တော်အဖြစ် မွမ်းမံတည်ထားခဲ့ခြင်းဖြစ်ပါသည်။ မန္တလေးတောင်ပေါ်မှ ကြည့်လိုက်ပါက ရာပေါင်းများစွာသော စေတီငယ်များဖြင့် ရင်သပ်ရှုမော ဖွယ်ကောင်းသော ကုသိုလ်တော်ဘုရား၏ ရှုမျှော်ခင်းကိုတွေ့မြင်နိုင်ပါသည်။ ကုသိုလ်တော် ဘုရားအနီးရှိ စန္ဒာမုနိဘုရားသည်လည်း ကုသိုလ်တော်ကဲ့သို့ပင် ပရဝုဏ်အတွင်း စေတီငယ်များ ဝန်းရံထားသော ဘုရားတစ်ဆူဖြစ်ပါသည်။ (ကုသိုလ်တော်ဘုရားသည် ပုဂံရှိရွှေစည်းခုံဘုရား၏ ပုံစံကိုယူ၍ တည်ထားခြင်းဖြစ်ပါသည်။ ကမ္ဘာအကြီးဆုံးစာအုပ်ကြီး ဟုခေါ်ဆိုကြသော ၇၂၉ ချပ် သော ကျောက်စာချပ်များသည် ဘုရားပရဝုဏ်အတွင်း တည်ရှိပါသည်။ စေတီငယ်တစ်ဆူတွင်  ၁၅၃ စင်တီမီတာမြင့်၍ ၁၀၇ အကျယ်ရှိသော ကျောက်စာချပ်တစ်ချပ်စီ ထည့်သွင်းထားပြီး ကျောက်စာချပ်များပေါ်တွင် ဗုဒ္ဓဘုရားရှင်၏ သုတ်၊ ဝိနည်း၊ အဘိဓမ္မာ ဟူသော ပိဋကတ်(၃) ပုံပါ စာသားများကို ကျောက်စာ၏ မျက်နှာစာနှစ်ဖက်စလုံးတွင် ရေးထွင်းထား ပါသည်။ အဖြူရောင် စေတီငယ်များကြားတွင် လျှောက်လမ်းကလေးများရှိပြီး၊ ဘုရားပရဝုဏ်၏ အလယ်တွင် ၇၂မီတာအမြင့်ရှိ ရွှေရောင်ပုထိုးတော်တစ်ဆူရှိပါသည်။ ကုသိုလ်တော်ဘုရားသည် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ၂၀၁၃ ခုနှစ်တွင် ထည့်သွင်းခံရသည်။)

မန္တလေးတောင်

မန္တလေးမြို့လယ်မှ မြောက်ဘက်သို့သွားသော် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၃၀ ရှိ မန္တလေးတောင်သို့ ရောက်ရှိမည်ဖြစ်ပါသည်။ မန္တလေးတောင်ကို ဘုရားကျောင်းကန်များ နှင့် ခြံရံထားပြီး၊ မန္တလေးမြို့နှင့် မန္တလေးတောင်တို့သည် တင့်တယ်စွာ ပနံရလှသည်။ မန္တလေး တောင်ပေါ်မှ ရှုမြင်ရသောမြင်ကွင်းနှင့် နေဝင်နေထွက်အလှတို့သည် မန္တလေးတောင်တက်ရင်း တစ်နေ့တာခရီးစဉ်ကို အဆုံးသတ်မည့် ဧည့်သည်တို့အတွက် ထူးခြားသော ဆွဲဆောင်မှုပင် ဖြစ်ပါသည်။ မန္တလေးတောင်နှင့်စန္ဒမုခိအမည်ရ ဘီလူးမတို့သည် သမိုင်းကြောင်းအရ ဆက်စပ်လျက် ရှိပါသည်။ မန္တလေးတောင်သမိုင်းတွင် ဂေါတမဗုဒ္ဓသည် ယင်းနေရာသို့ ကြွရောက်တော်မူလာရာ စန္ဒမုခိဘီလူးမသည် တစ်စုံတစ်ရာလှူဒါန်းရန်ရှာကြံပါသော်လည်း မရရှိသဖြင့် ၎င်း၏ သားမြတ် တို့ကို လှူဒါန်းရန်ဆုံးဖြတ်ကာ လှူဒါန်းလိုက်လေသည်။ ယင်းကဲ့သို့ ထူးကဲသော အလှူဒါန ကြောင့် စန္ဒမုခိဘီလူးမသည် နောင်အခါ ဤအရပ်ဒေသတောင်ခြေတွင် မြို့တော်တည်၍ သာသနာတော်ကို ကြီးစွာထောက်ပံ့သော မင်းဖြစ်လတ္တံ့ဟု ဗျာဒိတ်ပေးညွှန်ပြတော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် မင်းတုန်းမင်းအား စန္ဒမုခိဘီလူးမဖြစ်ခဲ့ဖူးသူဟု ယုံကြည်ကြ သည်။ ထိုယုံကြည်မှုကြောင့် မန္တလေးတော်ပေါ်ရှိ ထောင့် ၄ ထောင့်တို့တွင် စန္ဒမုခိဘီလူးမက မြတ်စွာဘုရားရှင်ကို ဖူးမြော်ဟန် ရုပ်တုများကို ထားရှိထားပေသည်။

မြနန်းစံကျော်ရွှေနန်းတော်

မြနန်းစံကျော်ရွှေနန်းတော်သည် မန္တလေးမြို့၏ နှလုံးသည်းပွတ်ဖြစ်ပြီး၊ ၁၂ လမ်းနှင့် ၂၆ လမ်းကြားတွင် တည်ရှိပါသည်။ မင်းတုန်းမင်းသည် ၁၈၅၇ တွင် မန္တလေးမြို့ကို တည်ခဲ့ပြီး မြနန်းစံကျော် ရွှေနန်းတော်ကို ပထမဦးဆုံးအဖြစ် ၁၈၅၇ မှ ၁၈၅၉ ခုနှစ်အတွင်း တည်ဆောက် ခဲ့ပါသည်။ ထို့နောက် မင်းတုန်းမင်းသည် ၁၈၆၁ တွင် ၎င်း၏ မြို့တော်ကို အမရပူရမှ မန္တလေးသို့ ရွှေ့ပြောင်းခဲ့ပါသည်။ မန္တလေးနန်းတော်သည် မြန်မာမင်းဆက်နောက်ဆုံးတည်ဆောက်ခဲ့သည့် နန်းတော်ဖြစ်ပါသည်။ မန္တလေးနန်းတော်၏ အမည်မှာ မြနန်းစံကျော် ရွှေနန်းတော်ဖြစ်ပါသည်။ နန်းတော်ကို ၂ ကီလိုမီတာရှည်လျားသော မြို့ရိုးဖြင့် ဝိုင်းပတ်ထားပါသည်။ မြို့ရိုးတွင် မျှော်စင်ငယ်(၄၈)ခု၊ (၁၂)လရာသီကို ကိုယ်စားပြုသော ဂိတ်(၁၂)ခု၊ တစ်လလျင် လေးသီတင်းရှိသည်ကို ကိုယ်စားပြု သော တံတား(၄)စင်းတို့ ပါဝင်ပါသည်။ တံတာလေးစင်းတို့တွင် ၆၄ မီတာကျယ်၍  ၄.၅ မီတာ မြင့်သော မုခ်ပေါက် တစ်ပေါက်စီ ရှိပါသည်။ ဂိတ် (၁၂)ခုတို့သည် ဆယ့်နှစ်လရာသီခွင်များကို ကိုယ်စားပြုပါသည်။ နန်းတော်၏ အစိတ်အပိုင်းအများစုသည် ဒုတိယကမ္ဘာစစ်အတွင်းက မီးလောင်ကျွမ်းခြင်းခံရပြီး ၁၉၉၀-၉၅ တွင် ပြန်လည်တည်ဆောက်ခဲ့ပါသည်။ နန်းမြို့ခံတပ် သည် မီတာ(၆၀)ကျယ်သော မုခ်ဦးများ၊ တံတားများဖြင့် နန်းတော်အတွင်းရှိ ညီလာခံခန်းမ၊ လွှတ်တော်၊ နန်းမြင့်မျှော်စင်၊ ဝတ်ပြုဆောင်၊ စွယ်တော်တိုက်တို့ကို ဝန်းရံကာကွယ်ထားပါသည်။ ၎င်းနန်းမြို့ခံတပ်ကိုပင် မြင့်မားသော နံရံများ၊ ကျုံး၊ ဥယျာဉ်တို့ဖြင့် ထပ်မံဝန်းရံထားပါသည်။ ကိုလိုနီခေတ်တွင် ဗြိတိသျှတို့သည်  နန်းတော်ကို စစ်ဖက်ရေးရာ အဆောက်အဦအဖြစ် အသုံးပြု ခဲ့သည်။

မဟာမြတ်မုနိရုပ်ရှင်တော်

မန္တလေးမြို့တွင် ဘုရားများ သာသနိက အဆောက်အအုံများစွာရှိပါသည်။ ထို့ပြင်တန်ခိုးကြီးမား ထင်ရှားသော မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးသည်လည်း မန္တလေးမြို့တွင်ရှိပါသည်။ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးသည် မန္တလေးမြို့၏ အနောက်တောင်အရပ်တွင် တည်ရှိပါ သည်။ ထူးခြားအံ့ဩဖွယ်ကောင်းသော မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးသည် ဉာဏ်တော် ၄မီတာ၊ အလေးချိန် ၆.၅တန်ရှိပြီး စိန်၊ ပတ္တမြား၊ နီလာများဖြင့် စီခြယ်ထားသော သင်းကျစ်တော် နှင့်အတူ ကြေးဖြင့်ပုံသွန်းလောင်းထားပါသည်။ မန္တလေးခရီးစဉ်သည် မဟာမြတ်မုနိဘုရား မပါလျင် မပြည့်စုံသကဲ့သို့ ဘုရားကြီးကို မန္တလေး၏ မျက်နှာစာဟု ခေါ်ဝေါ် ကြပါသည်။ သမိုင်းကြောင်းအရ ဂေါတမဗုဒ္ဓသည် သာသနာတော်ထွန်းကားပြန့်ပွားရေးအတွက် ရခိုင်ပြည်သို့ ကြွရောက်ရာ ရခိုင်ဘုရင်မင်းညီမင်းသား ဆွေတော်မျိုးတော်များ ကြိုဆိုဖူးမျှော်ခဲ့ကြသည်။ မြတ်ဗုဒ္ဓ၏ သာသနာတွင် သက်ဝင်ယုံကြည်သော ရခိုင်ဘုရင်သည် ဘုရားရှင်၏ ကိုယ်ပွား ရုပ်ဆင်းတုတော်ကို ထားရှိကိုးကွယ်ခွင့်ပြုပါရန် လျှောက်ထားသည်။ ထို့ကြောင့် လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါများ ပူဇော်ကိုးကွယ်စေခြင်းငှာ ဘုရားရှင်၏ ကိုယ်ပွားရုပ်ဆင်းတုတော်ကို သွန်းလုပ်စေသည်။ ဘုရားရှင်သည် ကိုယ်ပွားဆင်းတုတော် ကြည့်ရှုတော်မူ၍ (၇) ကြိမ်တိုင် ရင်ငွေ့တော်လှုံစေပြီးနောက် ဤရုပ်ပွားတော်သည် ငါဘုရားကိုယ်စား နှစ် (၅၀၀၀) တည်စေ မည် မိန့်ကြားတော်မူသည်။ ကုန်းဘောင်းမင်းဆက်မှ အိမ်ရှေ့ဥပရာဇာ သတိုးမင်းစောသည် ရခိုင်ကိုအောင်နိုင်ပြီးနောက်  မဟာမုနိရုပ်ရှင်တော်မြတ်ကို အမရပူရသို့ ပင့်ဆောင်ခဲ့သည်။ ထို့နောက် ရုပ်ရှင်တော်မြတ်ကြီးအား မန္တလေးသို့ ပင့်ဆောင်ခဲ့ပြီး ယခုအခါ မဟာမြတ်မုနိရုပ်ရှင် တော်မြတ်ကြီးသည် ပြည်တွင်းပြည်ပ ဘုရားဖူးများအကြား လေ့လာဖူးမျှော်စရာ ထင်ရှားသော ဘုရားကြီး တစ်ဆူအဖြစ် ရှိနေပေသည်။

ဦးပိန်တံတား

ဦးပိန်တံတားသည် တောင်သမန်အင်းကိုဖြတ်၍ ဖောက်လုပ်ထားသော ရှည်လျားလှ သည့် သစ်သားတစ်စင်းဖြစ်သည်။ ၁.၂ ကီလိုမီတာရှည်လျားပြီး သက်တမ်းနှစ် ၂၀၀ ကျော်ရှိပြီ ဖြစ်သည်။ သို့သော် ဦးပိန်တံတားသည် ခိုင်ခံလှသော ကျွန်းသစ်များကို ထည့်သွင်းတည်ဆောက် ထားသောကြောင့် ကြံ့ခိုင်နေဆဲဖြစ်သည်။ ၁၈၅၉ ခုနှစ်တွင် မင်းတုန်းမင်းသည် ၎င်း၏မြို့တော် ကို အမရပူရမှ မန္တလေးနေပြည်တော်သို့ ရွှေ့ပြောင်းသောအခါ နန်းတော်မှကျန်ရစ်သော ကျွန်းသစ်အလုံးရေ ၁၀၀ ကျော်ကို အမရပူရမြို့ဝန်ကရယူ၍ တောင်သမန်အင်းကိုဖြတ်ကာ တံတားတည်ဆောက်ခဲ့သည်။ သို့ဖြစ်ရာ အင်းတစ်ဖက်ကမ်းမှ တစ်ဖက်သို့ သွားလာရသည့် အချိန်လျှော့ချနိုင်ခဲ့ပြီး တံတား၏အမည်ကို တည်ဆောက်သူဦးပိန်၏အမည်ကို ရယူ၍ ဦးပိန် တံတားဟုခေါ်ဆိုခဲ့ကြသည်။ တံတားသည် အတန်ငယ် ကွေးကောက်ဟန်ရှိပြီး ထောင်ပေါင်း များစွာသော ကျွန်းတိုင်များဖြင့် ထောက်ထားသည်။ သို့သော် နှစ်ပေါင်းကြာလာသည်နှင့်အမျှ အချို့သောသစ်လုံးများမှာ ရေဒဏ်ကြောင့် ဆွေးမြေ့လာခဲ့ပြီး ပြုပြင်ရန် လိုအပ်လျက်ရှိပါသည်။ အခင်းပြားများကို အင်းဝနန်းတော်ဟောင်းမှ ရယူတည်ဆောက်ထားခဲ့ခြင်းမှာ ဦးပိန်တံတား၏ ရာဇဝင်ပင်ဖြစ်ပါသည်။

အခြားသွားရောက်လည်ပတ်နိုင်သည့်နေရာများ

သခင်မတောင် (မန္တလေး)

တောင်ပြုံးပွဲတော် (ပြင်ဦးလွင်ခရိုင်)

ပုပ္ပါးတောင်ကလပ် (ကျောက်ပန်းတောင်းနယ်)

ပုဂံရှေးဟောင်းယဉ်ကျေးမှူနယ်မြေ

မိုးကုတ်ရတနာမြေ

မေမြို့ (သို့မဟုတ်) ပြင်ဦးလွင်

Myanmar