Main menu

မကွေးတိုင်းဒေသကြီး

နောက်ခံသမိုင်း

မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ အလယ်ပိုင်းတွင်တည်ရှိပြီး အကျယ်အဝန်း အားဖြင့် ၄၄,၈၂၀ စတုရန်း ကီလိုမီတာ (၁၇,၃၀၆ စတုရန်းမိုင်) ကျယ်ဝန်းသည်။ မြို့တော်မှာ မကွေးမြို့ဖြစ်သည်။ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နေပြည်တော်ကောင်စီတို့ဖြင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။

ပထဝီဝင်အနေအထား

ဧရာဝတီမြစ်သည် တိုင်းဒေသကြီး၏ အလယ်ဗဟိုကိုဖြတ်သန်းလျက် မြောက်မှတောင်သို့ စီးဆင်းသည်။ ဧရာဝတီမြစ်၏ အရှေ့ဘက်ခြမ်းဒေသများသည် မြေပြန့်များဖြစ်ပြီး၊ အနောက်ဘက်ခြမ်းဒေသများသည် ရခိုင်ရိုးမ၏ အရှေ့ဘက် ရေဝေကြောဖြစ်သည်။ ဧရာဝတီမြစ်အတွင်းသို့ အရှေ့ဘက်ခြမ်းမှ ပင်းချောင်း၊ ယင်းချောင်း၊ ဒေါင်းနေချောင်းစသည့် ချောင်းကြီးများ၊ အနောက်ဘက်မှ ချင်းတွင်းမြစ်၊ စလင်းချောင်း၊ မုန်းချောင်း၊ မန်းချောင်း၊ မင်းတုန်းချောင်းများ စီးဝင်လျက်ရှိသည်။

ရာသီဥတု

မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ အလယ်ပိုင်းချိုင့်ဝှမ်းဒေသဖြစ်၍ မိုးအလွန်နည်းပြီး ပူပြင်းသောရာသီဥတုရှိသည်။

ခရိုင်နှင့်မြို့နယ်များ

မကွေးတိုင်းဒေသကြီးသည် ခရိုင် (၅) ခရိုင်နှင့် မြို့နယ်ပေါင်း (၂၅)မြို့နယ်ဖြင့် ဖွဲ့စည်းထားပြီး မြို့ပေါင်း (၃၂) မြို့၊ ရပ်ကွက်ပေါင်း (၁၉၉) ခု၊ ကျေးရွာအုပ်စုပေါင်း (၁၅၃၈) အုပ်စု နှင့် ကျေးရွာပေါင်း (၄၇၈၈) ရွာ ပါဝင်ပါသည်။ ခရိုင် (၅) ခုမှာ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ သရက်ခရိုင်၊ ဂန့်ဂေါခရိုင်၊ ပခုက္ကူခရိုင် တို့ဖြစ်ကြပါသည်။

မကွေးခရိုင်တွင် မကွေးမြို့နယ်၊ နတ်မောက်မြို့နယ်၊ မြို့သစ်မြို့နယ်၊ တောင်တွင်းကြီးမြို့နယ်၊ ရေနံချောင်းမြို့နယ်နှင့် ချောက်မြို့နယ် ဟူ၍ မြို့နယ်ပေါင်း (၆) မြို့နယ် ပါဝင်ပါသည်။

မင်းဘူးခရိုင်တွင် မင်းဘူး(စကု)မြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ ငဖဲမြို့နယ်၊ စလင်းမြို့နယ်နှင့် စေတုတ္တရာမြို့နယ်ဟူ၍ မြို့နယ်ပေါင်း (၅) မြို့နယ် ပါဝင်ပါသည်။

သရက်ခရိုင်တွင် သရက်မြို့နယ်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မင်းတုန်းမြို့နယ်၊ အောင်လံမြို့နယ်၊ မင်းလှမြို့နယ်နှင့် ကံမမြို့နယ်ဟူ၍ မြို့နယ်ပေါင်း (၆) မြို့နယ် ပါဝင်ပါသည်။

ဂန့်ဂေါခရိုင်တွင် ဂန့်ဂေါမြို့နယ်၊ ထီးလင်းမြို့နယ်နှင့် ဆောမြို့နယ်ဟူ၍ မြို့နယ်ပေါင်း (၃) မြို့နယ် ပါဝင်ပါသည်။

ပခုက္ကူခရိုင်တွင် ပခုက္ကူမြို့နယ်၊ ဆိပ်ဖြူမြို့နယ်၊ ပေါက်မြို့နယ်၊ ရေစကြိုမြို့နယ်နှင့် မြိုင်မြို့နယ်ဟူ၍ မြို့နယ်ပေါင်း (၅) မြို့နယ် ပါဝင်ပါသည်။

လူဦးရေ

၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ မကွေးတိုင်းဒေသကြီးတွင် လူဦးရေ (၃.၉)သန်း နေထိုင်ကြပြီး ကျေးလက်နေပြည်သူပေါင်း ၈၅ ရာခိုင်နှုန်းရှိပါသည်။ လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာတွင် (၇၆)ဦးဖြစ်ပါသည်။

ပညာရေး မကွေးတိုင်းဒေသကြီးတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့်သိပ္ပံကျောင်းပေါင်း (၁၇) ခုရှိသည်။ ၎င်းတို့မှာ မကွေးတက္ကသိုလ်၊ ပခုက္ကူတက္ကသိုလ်၊  ရေနံချောင်းတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ မကွေး၊ အခြေခံကျန်းမာရေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မကွေး)၊ နည်းပညာတက္ကသိုလ်(ပခုက္ကူ)၊ ကွန်ပျူတာတက္ကသိုလ်(မကွေး)၊ ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ)၊ မကွေးပညာရေးဒီဂရီကောလိပ်၊ ပခုက္ကူပညာရေးဒီဂရီကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ (မကွေး)၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ရေနံချောင်း)၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ချောက်)၊ အစိုးရစက်မှုလက်မှုသိပ္ပံ (သရက်)၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ဂန့်ဂေါ)၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ပခုက္ကူ) တို့ ဖြစ်ကြပါသည်။

ရေနံမြေများ

မကွေးတိုင်း‌ဒေသကြီး၏ အဓိကတွင်းထွက်သယံဇာတမှာ ရေနံနှင့်သဘာဝဓါတ်ငွေ့ဖြစ်သည်။ ရေနံမြေများမှာ ချောက်ရေနံမြေ၊ ရေနံချောင်းရေနံမြေ၊ ထောက်ရှာပင်ရေနံမြေ၊ မင်းဘူးရေနံမြေ၊ မန်းရေနံမြေနှင့် ကျောက်ခွက်လက်ပံတိုရေနံမြေတို့ဖြစ်ကြသည်။

အဓိကထွက်ကုန်များ

မကွေးတိုင်းဒေသကြီးသည် ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများ အဓိကစိုက်ပျိုးပြီး မြန်မာပြည်၏ ဆီအိုးကြီးဟု တင်စားခေါ်ဝေါ်ရသည့် တိုင်းဒေသကြီးဖြစ်သည်။ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်အမျိုးမျိုး၊ စပါး၊ ပြောင်း၊ ကျွန်းသစ်၊ ပိတောက်၊ အင်၊ အင်ကြင်း၊ သစ်ရာ၊ ပျဉ်း၊ ပျဉ်းကတိုး၊ ဝါးအမျိုးမျိုးနှင့် အာလူး စသည်တို့ အဓိက စိုက်ပျိုးကြသည်။

စက်မှုလုပ်ငန်းများ

မကွေးတိုင်းဒေသကြီး၏ အဓိကစက်မှုဇုံများမှာ ပခုက္ကူစက်မှုဇုံနှင့် ရေနံချောင်း စက်မှုဇုံ တို့ဖြစ်ကြသည်။ ထင်ရှားသည့် စက်ရုံများမှာ ချောက် ရေနံချက်စက်ရုံ၊ မန်းသံပုရာကန် ရေနံချက်စက်ရုံ၊ မန်း ရေနံမြေသဘာဝဓာတ်ငွေ့ဓာတ်အားပေးစက်ရုံ၊ ကျွန်းချောင်း ဓာတ်မြေသြဇာစက်ရုံ၊ စလေ ဓာတ်မြေသြဇာစက်ရုံ၊ သရက် ဘိလပ်မြေစက်ရုံ၊  ပခုက္ကူ ဗာဂျီးနီးယားဆေးပေါင်းစက်ရုံ၊ ပွင့်ဖြူ ချည်မျှင်စက်ရုံနှင့် မကွေး ဆပ်ပြာစက်ရုံ တို့ ဖြစ်ကြသည်။

ထင်ရှားသော နေရာများ

မကွေးတိုင်းဒေသကြီးအတွင်းရှိ ထင်ရှားကျော်ကြားသည့်နေရာများမှာ မြသလွန်စေတီတော် (မကွေးမြို့)၊ မန်း‌ရွှေစက်တော်ဘုရား (မင်းဘူးမြို့)၊ စက္ကိန်းတဲဘုရား (မင်းဘူးမြို့)၊ နဂါးပွက်တောင် (မင်းဘူးမြို့)၊ စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရား (ပွင့်ဖြူမြို့)၊ သီဟိုဠ်ရှင်ဘုရား (ပခုက္ကူမြို့)၊ တန့်ကြည့်တောင်စေတီ (ပခုက္ကူမြို့)၊ ဖောင်တော်ဦးဘုရား (ဆင်ဖြူကျွန်းမြို့)၊ ငါးမျက်နှာစေတီနှင့် ငါးမျက်နှာကန် ဆုတောင်းပြည့်ဘုရား (ဆင်ဖြူကျွန်းမြို့)၊ စလေ ရုပ်စုံကျောင်း၊ ဗိဿနိုးမြို့ဟောင်း (တောင်တွင်းကြီးမြို့)၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (နတ်မောက်မြို့)၊ မဟာဝိသုတာရာမပါဠိတက္ကသိုလ် (ပခုက္ကူမြို့)၊ မင်းလှခံတပ်၊ ကွေ့ချောင်းခံတပ်၊ ယောဒေသ၊ စွန်တောင် (ချွန်းတောင်) (ရခိုင်ရိုးမတောင်တန်းတွင် အမြင့်ဆုံးတောင်ဖြစ်ပြီး အမြင့်ပေ ၆၅၂၇ ပေ ရှိသည်။)

ထင်ရှားသည့် မြစ်ကူး၊ ချောင်းကူး တံတားကြီးများ 

  1. အနော်ရထာတံတား (ချောက် - ဆိပ်ဖြူ)
  2. ဧရာဝတီတံတား (မကွေး) (မကွေး - မင်းဘူး)
  3. ဧရာဝတီတံတား (မလွန်) (မိချောင်းရဲ - မလွန်)
  4. ဧရာဝတီတံတား (ပခုက္ကူ) (ပခုက္ကူ - ပုဂံ)
  5. မုန်းချောင်းတံတား (ပွင့်ဖြူ - ရှောက်တော)
  6. မန်းချောင်းတံတား (စကု)
  7. ယင်းချောင်းတံတား (မကွေး)
  8. ပင်းချောင်းတံတား (ရေနံချောင်း)
  9. နွယ်တံမယ်တံတား (ဆင်ဖြူကျွန်း)
  10. ဒေါင်းနေချောင်းတံတား (ရေနံချောင်း)
  11. ဆားပွက်ချောင်းတံတား (မင်းဘူး)
  12. မုန်းချောင်းတံတား (မဲဇလီ)

စာပေ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့

မကွေးတိုင်းဒေသကြီး အနောက်ခြမ်းဒေသများဖြစ်သော မင်းတုန်း၊ ငဖဲ၊ စေတုတ္တရာ၊ ဆော၊ ထီးလင်း၊ ဂန့်ဂေါမြို့နယ်များတွင် မြေပြန့်ချင်းလူမျိုးများ နေထိုင်ကြသောကြောင့် ချင်းတိုင်းရင်းသား ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးစံများကို တွေ့ရှိရပါသည်။ ထို့ပြင် ပခုက္ကူတောင်တန်းဒေသ၏ ထီးလင်း၊ ဂန့်ဂေါ၊ ဆော စသည့် မြို့ (၃) မြို့သည် ဗမာမျိုးနွယ်စုတွင်ပါဝင်သော ယောလူမျိုးများ နေထိုင်ရာ အရပ်ဖြစ်ပြီး ယောဒေသ ဟု ခေါ်တွင်သည်။ဆင်ဖြူကျွန်းဒေသကျပင်းမြို့ဟောင်းရှိပျူခေတ် ရှေးဟောင်းအမွေအနှစ် မြေအိုးဆေးရိုးများတွေ့ရသည်။ စံမြန်မာစကားနှင့် အသံထွက် အနည်းငယ်ကွဲလွဲသည်။ ထိုယောဒေသမှထွက်သော ယောလုံချည်ကို ကိုလိုနီခေတ်က မြန်မာလူမျိုးတို့၏ ရိုးရာဝတ်စုံ အဖြစ် ဝတ်ဆင်ကြသည်။

မကွေးတိုင်းဒေသကြီး၏ မြို့တော်မှာမကွေးမြို့ဖြစ်သည်။ မကွေးတိုင်းဒေသအတွင်းတွင် တူးဖော် ရရှိမှုများသည် လွန်ခဲ့သော နှစ်သန်းပေါင်း(၄၀၀)ကျော်က မူလကျောက်ဖြစ်ရုပ်ကြွင်းများ ဖြစ် ကြောင်း သက်သေခံနေသည့်အပြင် ၎င်းရုပ်ကြွင်းများမှာ အစိုးရအတွက် ဂုဏ်ယူစရာကိစ္စ တစ်ရပ် လည်းဖြစ်သည်။ ယူနက်စ်စကို ကမ္ဘာ့သမိုင်းဝင်အမွေအနှစ်စာရင်းဝင်အဖြစ် စာရင်းသွင်းခြင်းခံရ သော ပျူမြို့ဟောင်းအချို့တို့အားလည်း မကွေးတိုင်းဒေသကြီးအတွင်းတွင် တွေ့နိုင်သည်။ မြစ်အနီး (သို့မဟုတ်) မြစ်နှင့်အတန်ငယ်ဝေးကွာသော နေရာများတွင် နေထိုင်ကြသော ဒေသခံများမှာ ၎င်း ဧရာဝတီမြစ်အား သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အဓိကထား အသုံးပြုကြသည်။ မကွေးတိုင်း ဒေသသည် လှပသော သဘာဝတရားများနှင့် လေးနက်မှုရှိသော သမိုင်းဝင်ဒေသတစ်ခုဖြစ်သည်။ ခရီးသွားဧည့်သည်များအနေဖြင့်လည်း အံ့သြဖွယ်ရာကောင်းသော ဗိသုကာလက်ရာများကို လေ့လာ ခြင်းဖြင့် ၎င်းဒေသ၏ အကြောင်းအရာများနှင့် မြန်မာနိုင်ငံ၏ အဓိကကိုးကွယ်သည့် ဗုဒ္ဓဘာသာ ဆိုင်ရာ အကြောင်းအရာများကို လေ့လာနိုင်ကြပါသည်။

Myanmar