Main menu

အာရှနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများ နှင့်အဆင့်တူ အဖွဲ့အစည်းများအသင်း(AACC) အဖွဲ့ဝင်များအစည်းအဝေးနှင့် စတုတ္ထအကြိမ် အပြည်ပြည်ဆိုင်ရာ ညီလာခံသို့ တက်ရောက်ခြင်း

Fri, 08/28/2020 - 10:11 -- admin

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်သည် ဩဂုတ်လ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ VIDEO CONFERENCING စနစ်ဖြင့် ကျင်းပသည့် အာရှနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ တရားရုံးများနှင့်အဆင့်တူ အဖွဲ့အစည်းများအသင်း (AACC- Association of Asian Constitutional Courts and Equivalent Institutions) ၏ စတုတ္ထအကြိမ် အပြည်ပြည်ဆိုင်ရာ ညီလာခံသို့ နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးမှ ပါဝင်တက်ရောက်သည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့် နှင့်အတူ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဦးမြင့်ဝင်း ပါဝင်တက်ရောက်သည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာညီလာခံသည် အာရှနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ တရားရုံးများနှင့် အဆင့်တူ အဖွဲ့အစည်းများ အသင်း(AACC)၏ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်လျက်ရှိသော ကာဇက်စတန်သမ္မတနိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာကောင်စီက "၂၁ ရာစု ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားဥပဒေစိုးမိုးရေး၊ လူ့တန်ဖိုးနှင့် နိုင်ငံ၏အရေးပါမှု" ဟူသော  ခေါင်းစဉ်ဖြင့် ဦးဆောင်ကျင်းပခြင်း ဖြစ်သည်။  ညီလာခံသို့ ကာဇက်စတန်နိုင်ငံ သမ္မတ မစ္စတာ ကက်စ်စူဂျိုမတ် တိုကာရက်အပါအဝင် အစိုးရ အဖွဲ့ဝင်များ၊ ကာဂျစ်စတန်နိုင်ငံ၊ ကာဇက်စတန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ မြန်မာနိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ရုရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ စသည့် အာရှနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့်အဆင့်တူ အဖွဲ့အစည်းများ အသင်းဝင် နိုင်ငံ (၁၈) နိုင်ငံတို့မှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး/ကောင်စီ/ ခုံရုံး တရားသူကြီးချုပ်များ၊ ဥက္ကဋ္ဌများ၊ တရားသူကြီးများ၊ ဥရောပဗင်းနစ်ကော်မရှင်မှ ကိုယ်စားလှယ်များ၊ ဥရောပ−အာရှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သုံးသပ်ရေးအဖွဲ့ အစည်းများ အသင်းဝင် နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ကာဇက်စတန် နိုင်ငံတက္ကသိုလ်များမှာ ဥပဒေပညာရှင်များ တက်ရောက်ကြသည်။

အဆိုပါ ညီလာခံတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးသည် “Challenges and the Ways of Solutions: Myanmar Experiences" ခေါင်းစဉ်ဖြင့် စာတမ်းကိုဖတ်ကြားဆွေးနွေးသည်။ အဆိုပါဆွေးနွေးချက်တွင် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ အခွင့် အာဏာအတွင်းမှ စိန်ခေါ်မှု(Challenges)များ ဖြစ်နိုင်သည့် အခြေအနေများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို အနက်အဓိပ္ပါယ်ဖွင့်ဆိုမှုနှင့် ဥပဒေပြုလွှတ်တော်မှ ပြဋ္ဌာန်းခဲ့သော ဥပဒေများအပေါ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်ညီမညီ စိစစ်သုံးသပ်ခြင်းများနှင့်သက်ဆိုင်သည့် တင်သွင်းလွှာများ စသည့် အကြောင်းအရာများ ပါဝင်သည်။

ထို့အတူ ဩဂုတ်လ ၂၆ ရက်နေ့မွန်းလွဲပိုင်းတွင် ကျင်းပသည့် အာရှနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ တရားရုံးများနှင့်အဆင့်တူ အဖွဲ့အစည်းများအသင်း (AACC) ၏ အထွေအထွေအတွင်းရေးမှူးချုပ်များ အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန် ဦးလှဌေးနှင့် ညွှန်ကြားရေးမှူး ဦးညီညီလွင်တို့တက်ရောက် ခဲ့ကြသည်။