
မွန်ဂိုလီးယားနိုင်ငံ၊ အူလန်ဘာတာမြို့၌ မွန်ဂိုလီးယားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးနှင့် ဥပရောပ ဗင်းနစ်ကော်မရှင်တို့ ပူးပေါင်း၍ ၆-၆-၂၀၁၉ ရက်နေ့မှ ၇-၆-၂၀၁၉ ရက်နေ့အထိ ကျင်းပ ပြုလုပ်သည့် " အာဏာခွဲဝေမှုနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး" အပြည်ပြည်ဆိုင်ရာ ညီလာခံသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဦးမြင့်ဝင်းနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဝင်းတို့ ပါဝင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့တက်ရောက်ခဲ့သည်။
အဆိုပါညီလာခံသို့ မြန်မာနိုင်ငံအပါအဝင် ကိုရီးယားနိုင်ငံ၊ ရုရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဥဇဘက်ကစ္စတန်နိုင်ငံ၊ တာဂျစ်ကစ္စတန်နိုင်ငံ၊ ကာဂျစ်စတန်နိုင်ငံ၊ ဘူလ်ဂေရီးယားနိုင်ငံအစရှိသည့် အာရှနှင့် ဥပရောပနိုင်ငံ (၁၂) နိုင်ငံတို့၏ အခြေခံဥပဒေဆိုင်ရာ တရားရုံး၊ ခုံရုံးများမှ ဥက္ကဋ္ဌများ၊ တရားသူကြီးများနှင့် ဥရောပဗင်းနစ်ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ညီလာခံကို မွန်ဂိုလီးယားနိုင်ငံ၏မြို့တော် အူလန်ဘာတာမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ညီလာခံတွင် ရှေးဦးစွာ မွန်ဂိုလီးယားနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာတရားရုံး ဥက္ကဋ္ဌ Mr. Odbayar Dorj နှင့် ဥရောပဗင်းနစ်ကော်မရှင်ဥက္ကဋ္ဌ Mr. Gianni Buquicchio တို့က အဖွင့် အမှာစကားပြောကြားခဲ့ပါသည်။ နှစ်ရက်တာကျင်းပပြုလုပ်သည့် ညီလာခံတွင် ဥရောပဗင်းနစ်ကော်မရှင် အဖွဲ့ဝင် Mr. Gunars Kutris က "Legislative and Constitutional Court" ခေါင်းစဉ် ဖြင့်လည်းကောင်း၊ ဥရောပဗင်းနစ်ကော်မရှင် အဖွဲ့ဝင်နှင့် ဘူလ်ဂေရီးယားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Mr. Philip Dimitrov က "The executive and the Constitutional Court" ခေါင်းစဉ် ဖြင့်လည်းကောင်း၊ ဥရောပဗင်းနစ်ကော်မရှင် အဖွဲ့ဝင် Mr. Yasna Omyeyets က " The judiciary and the Constitutional Court" ခေါင်းစဉ် ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဦးမြင့်ဝင်းက မြန်မာနိုင်ငံ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ အခန်းကဏ္ဍ၊ လုပ်ငန်းတာဝန်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် အနက်အဓိပ္ပါယ်ဖွင့်ဆိုမှုများ၊ ခုံရုံး၏ စီရင်ပိုင်ခွင့်အာဏာများတွင် အုပ်ချုပ်မှုအာဏာပိုင်များ၏ ဆောင်ရွက်ချက်များသည် အခြေခံဥပဒေနှင့် ညီညွတ်မှုရှိမရှိ အပေါ် စိစစ်နိုင်သည့် အခွင့်အာဏာများပါဝင်မှု၊ ဗဟိုအဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ပြည်နယ် များအကြား ဖြစ်ပေါ်သည့် အငြင်းပွားမှုပြဿနာများကို စစ်ဆေးနိုင်သည့် စီရင်ပိုင်ခွင့်များ၊ တင်သွင်းလွှာများကို စစ်ဆေးစစ်ရင်ခဲ့မှုများကို ဆွေးနွေးခဲ့ပါသည်။
ထို့အတူ မွန်ဂိုလီးယားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ရုရှားနိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကာဂျစ်စတန်နိုင်ငံ၊ ဥဇဘက်ကစ္စတန်နိုင်ငံ၊ တာဂျစ်ကစ္စတန်နိုင်ငံတို့မှ ကိုယ်စားလှယ်များကလည်း သက်ဆိုင်ရာ ခေါင်းစဉ် များအလိုက် ဝင်ရောက်ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါညီလာခံသည် မွန်ဂိုလီးယားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးနှင့် ဥပရောပ ဗင်းနစ်ကော်မရှင်တို့ ပူးပေါင်း၍ ပထမဆုံးအကြိမ် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာညီလာခံဖြစ်သည်။