
နေပြည်တော် ဇန်နဝါရီ ၁၄
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဌ ဦးမြသိန်းသည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီလီအား နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အစည်းအဝေးခန်းမ၌ (၁၄.၁.၂၀၁၅)ရက်နေ့ မွန်းလွဲ (၁၄:၀၀)နာရီတွင် လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ကြားနာဆုံးဖြတ် ခဲ့သော တင်သွင်းလွှာ ကိစ္စရပ်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြည်ပြည်ဆိုင်ရာ စံနှုန်းများနှင့် ညီညွတ်စေရေး ကိစ္စရပ်များ၊ တရားစီရင်ရေးတွင် မူလအခွင့်အရေး (Fundamental Rights) နစ်နာပါက လျှောက်ထားမှုဆိုင်ရာ ကိစ္စရပ်များ၊ အများပြည်သူ သဘောထား ရရှိ ရန် သတင်းစာတွင် ဖော်ပြထားသော လွှတ်တော်တွင် ဆွေးနွေးမည်ဟု သိရှိရသည့်ဥပဒေကြမ်း (၄)ခုကိစ္စနှင့် စပ်လျဉ်းသော ကိစ္စရပ်များ၊ ဥပဒေပြုခြင်းအပိုင်းနှင့် စပ်လျဉ်း၍ ခုံရုံးသို့ တင်သွင်းလာသော ဖွဲ့စည်းပုံအခြေခံဥပဒေ ဘာသာရပ်နှင့် သက်ဆိုင်သော အထွေထွေ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေး ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ခုံရုံးအဖွဲ့ဝင်များ ဖြစ်ကြသော ဒေါ်လှမျိုးနွယ်၊ ဦးမြသိန်း၊ ဦးမျိုးချစ်၊ ညွှန်ကြားရေးမှူးချုပ်၊ ရုံးအဖွဲ့မှူးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြသည်။