မြန်မာ့သမိုင်းဝင်စာချုပ်များ

ပင်လုံစာချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ဂုဏ်ဒြပ်ကို ထည်ဝါခန့်ညားစေခဲ့သည် သာမက တိုင်းရင်းသားတို့သွေးစည်းညီညွတ်ခြင်း၏ ကွယ်ဝှက်၍ မရသော အမှတ်သင်္ကေတလည်း ဖြစ်သည်။ အချိန်ကား လွန်ခဲ့သော ၇၀ နှစ်တာကာလ။ အတိအကျဆိုရသော ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ။

နေရာမှာ ရှမ်းပြည်နယ်တောင်ပိုင်းလဲချားစော်ဘွားအပိုင် နယ်အတွင်းရှိ ပင်လုံမြို့ကလေးတွင် ဖြစ်၏။ စင်စစ်ပင်လုံဟု နှုတ်ကျိုးခေါ်ဝေါ်နေ သော်လည်း ရှမ်းဘာသာစကားဖြင့် ‘ပန်လုံ’ ဟု ခေါ်၍ ‘လွင်ပြင်ကြီး’ ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် ပန်လုံ ခေါ် ပင်လုံ သည် လွင်ပြင်မြို့ ဟု အနက်ပေးသော်ရသည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော ဆာမောင်ကြီး၊ ဦးတင်ထွဋ်၊ ဦးအောင်ဇံဝေ၊ ဗိုလ်ခင်မောင်ကလေး၊ သခင်ဝတင်၊ ဗိုလ်မှူးအောင်၊ ဗိုလ်မင်းလွင်၊ ဦးကိုကိုလေး၊ မြို့မ- သန်းကြွယ် ၊ ဒေါက်တာ စိန်မြမောင်၊ ဗိုလ်သိမ်းဆွေ၊ ဦးတင်ညွန့်၊ ဦးမောင်မောင် စသော မြန်မာကိုယ်စားလှယ်များသည် လည်းကောင်း တက်ရောက်ခဲ့ကြသလို ဗြိတိသျှတို့ဘက်မှ ဒိုမီနီယန်အတွင်း ဝန်ကလေး ဘော့တွမ်လေ၊ မစ္စတာ လက်ဝဒ်ချ် (Mr. W.B.T.Leduidge)၊ ဇွန်လေဒင် အမှူးသော အရာရှိကြီးများနှင့် တောင်တန်းဒေသ မင်းကြီး မစ္စတာ စတီဗင်ဆင်တို့လည်း တက်ရောက်ခဲ့ကြသည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့မှ ဖဒိုဝိရီကျော်၊ သထုံဦးလှဖေ၊ စောစံကေးနှင့် ဦးချစ်တီး တို့လည်းလေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။

Download ရယူရန်

အောင်ဆန်းအက်တလီစာချုပ်

အောင်ဆန်း-အက်တလီ စာချုပ်သည် တစ်နှစ်အတွင်း မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးရန် မြန်မာအမျိုးသားခေါင်းဆောင်များနှင့် ဗြိတိသျှအစိုးရတို့၏ သဘောတူညီချက်များ ပါသည့် စာချုပ် ဖြစ်သည်။ ဗြိတိသျှ အစိုးရနှင့် မြန်မာခေါင်းဆောင်များ မြန်မာ့လွတ်လပ်ရေးအတွက် ပထမဆုံးချုပ်ဆိုသည့် စာချုပ်ဟု ဆိုနိုင်သည်။ စာချုပ်ကို ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် လန်ဒန်မြို့၊ ဒေါင်းနင်းလမ်း အမှတ် ၁ဝ ၌ လက်မှတ်ရေးထိုးခဲ့ကြသည်။ စာချုပ်ကို မြန်မာတို့ဘက်မှ ဗိုလ်ချုပ်အောင်ဆန်းက ခေါင်းဆောင်၍လည်းကောင်း၊ ဗြိတိသျှ အစိုးရ ဘက်မှ ဗြိတိသျှ ဝန်ကြီးချုပ်ကလီးမင့် ရစ်ချက် အက်တလီ (Clement Attlee) က ခေါင်းဆောင်၍လည်းကောင်း ဆွေးနွေးပြီး သဘောတူလက်မှတ် ထိုးကြသောကြောင့် အောင်ဆန်း - အက်တလီ စာချုပ်ဟု ခေါ်သည်။ စာချုပ်တွင် အချက်ကြီး ၁ဝ ချက် ပါဝင်သည်။

ဤစာချုပ် ချုပ်ဆိုနိုင်ခြင်းအားဖြင့် ဗြိတိသျှအစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ စက္ကူဖြူစီမံကိန်း ခေါ် စက္ကူဖြူအုပ်ချုပ်ရေးသည် လုံးဝ ချုပ်ငြိမ်းသွားသည်။ ဤစာချုပ် အရပင် တိုင်းပြု ပြည်ပြု လွှတ်တော် ခေါ်နိုင်၍ အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ ထူထောင်ခွင့်ရခဲ့သည်။ ဥပဒေသဘောအရ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင်မှ လွတ်လပ်ရေး ရခဲ့သော်လည်း လက်တွေ့သဘောအရ ကြည့်လျှင် ဤစာချုပ်ချုပ်သည့် နေ့မှာပင် လွတ်လပ်ရေးရသည်ဟု ဆိုနိုင်ရာသည်။

Download ရယူရန်

နုအက်တီစာချုပ်

နု - အက်တလီ စာချုပ်မှာ ဗြိတိသျှအစိုးရက မြန်မာနိုင်ငံ ကြားဖြတ်အစိုးရသို့ နိုင်ငံ၏ အချုပ်အခြာအာဏာ လွှဲပြောင်းပေးရန် သဘောတူကြောင်း ချုပ်ဆိုသည့် စာချုပ်ဖြစ်သည်။ စာချုပ်ကို မြန်မာနိုင်ငံ ကြားဖြတ်အစိုးရ ကိုယ်စား ဝန်ကြီးချုပ်ဦးနုနှင့် ဗြိတိသျှ အစိုးရ ကိုယ်စား ဝန်ကြီးချုပ်ကလီးမင့်အက်တလီ (Clement Attlee) တို့က လက်မှတ် ရေးထိုး ကြသောကြောင့် နု - အက်တလီ စာချုပ်ဟု ခေါ်သည်။ စာချုပ်ကို ၁၉၄၇ ခု အောက်တိုဘာလ ၁၇ ရက်နေ့တွင်လန်ဒန်မြို့၌ ချုပ်ဆိုကြသည်။

စာချုပ်တွင် ဗြိတိသျှ အစိုးရက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအား လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံဟု အသိအမှတ် ပြုကြောင်းဖော်ပြထားပြီး ထိုသို့ အချုပ်အခြာ အာဏာပိုင် လွတ်လပ်သော နိုင်ငံအဖြစ် လွဲပြောင်း ပေးရာ၌ ပေါ်ပေါက်လာမည့် အပြောင်းအလဲများ အတွက် လိုအပ်သော အစီအစဉ်များကို အသေးစိတ် ဖော်ပြထားသည့် အချက် ၁၅ ချက် ပါဝင်သည်။ စာချုပ်ပါ အကြောင်းအရာ များမှာ မြန်မာနိုင်ငံနှင့် အင်္ဂလန်နိုင်ငံတို့ သံတမန်လှယ်ရေးကိစ္စ၊ အစိုးရ စာတမ်းများကိစ္စ၊ နိုင်ငံသား ဖြစ်မှုကိစ္စ၊ ကာကွယ်ရေးကိစ္စ၊ ငွေကြေးကိစ္စ၊ အစိုးရအမှုထမ်းများ၏ပင်စင်နှင့် ဆုငွေကိစ္စ၊ အင်္ဂလန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ ကူးသန်းရောင်းဝယ်ရေးနှင့် ရေကြောင်း ခရီးသွားလာရေးကိစ္စ၊ လေကြောင်း သွားလာရေးကိစ္စနှင့် မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေး ကိစ္စများ ဖြစ်သည်။ ဤစာချုပ်အရ ၁၉၄၈ ခု ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်၍ အချုပ်အခြာ အာဏာပိုင်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပေါ်ထွန်းလာသည်။ ထို့ကြောင့် မြန်မာ့ လွတ်လပ်ရေး စာချုပ် ဟုလည်း ခေါ်ကြသည်။

Download ရယူရန်

ရန္တပိုစာချုပ်

ရန္တပိုစာချုပ်သည် ခရစ်နှစ် ၁၈၂၄-ခုနှစ်၊ ဘကြီးတော်ဘုရား လက်ထက်တွင် ဖြစ်ပွားခဲ့သော ပထမ အင်္ဂလိပ် - မြန်မာစစ်ပွဲကို ပြေငြိမ်းစေရန် အင်္ဂလိပ်အစိုးရ ကိုယ်စားလှယ်များနှင့် မြန်မာဘုရင်အစိုးရ ကိုယ်စားလှယ်တော်များသည် သက်ဆိုင်ရာနိုင်ငံတို့၏ကိုယ်စား လက်မှတ်ရေးထိုးကြသော စာချုပ်ဖြစ်သည်။ မြန်မာနိုင်ငံအထက်ပိုင်း အင်းဝမြို့၏တောင်ဘက် မိုင် (၄ဝ)ခန့်ကွာ၍ မြင်းခြံမြို့အထက် (၆)မိုင်ကွာဝေးသော ရန္တပိုရွာတွင် တွေ့ဆုံ ချုပ်ဆိုကြသောကြောင့် ရန္တပိုစာချုပ်ဟုခေါ်တွင်သည်။ ထိုစာချုပ်ကို မြန်မာသက္ကရာဇ် ၁၁၈၇-ခုနှစ်၊ တပေါင်းလပြည့်ကျော် (၄)ရက် (ခရစ် ၁၈၂၆-ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်)နေ့တွင် မြန်မာတို့ဘက်မှ စစ်သူကြီး လယ်ကိုင်းမြို့စားဝန်ကြီး မင်းကြီးမဟာမင်းလှကျော်ထင်၊ ကျီဝန်အတွင်းဝန်မင်းကြီး မဟာမင်းလှ သီဟသူတို့နှင့် အင်္ဂလိပ်တို့ဘက်မှ အင်္ဂလိပ်အရေးပိုင် အာစီဘော်ကံဘက်(ဆာအာခီဗေဒကင်းဗဲ)၊ အရေးပိုင်ရော်ဘစ်စံ(ရောဗတ်ဆန်)၊ တိုက်သမ္ဗာန်အုပ်ချုပ်သူ မင်းစပ်(ချတ်) တို့ နှစ်တိုင်းနှစ်ပြည် မိတ်လက္ခဏာနှင့်အညီ အချင်းချင်း နှုတ်ဆက်ကြပြီးလျှင် မဟာမိတ်အဖြစ် စာချုပ်ထားကြသည်။

Download ရယူရန်

 

Myanmar

ကချင်ပြည်နယ်