ဧရာဝတီတိုင်းဒေသကြီး

စိမ်းလန်းသော တောတောင်များနှင့် သားရိုင်းတိရစ္ဆာန်များဖြင့် ပြည့်စုံနေသော ဧရာဝတီတိုင်းဒေသကြီး  သည် သဘာဝ၏ အလှအပများအားရှာဖွေရန် ချစ်မြတ်နိုးသူများအတွက် ပြီး ပြည့်စုံသည့် နေရာတစ်ခုအဖြစ် ရှိနေပါသည်။ ရန်ကုန်မြို့မှ ၎င်းဒေသသို့ သွားရောက်ရန် အချိန် ၂ နာရီခန့် ကြာမြင့်ပါသည်။ ဧရာဝတီတိုင်းဒေသကြီး သည် တိတ်ဆိတ်ငြိမ်းချမ်းသော အခြေအနေများရှိခြင်းကြောင့် ကမ္ဘာလှည့်ခရီးသွားဧည်သည့်များ အပန်းဖြေအနားယူရန်အတွက် ၎င်းဒေသသို့ လာရောက်မှု များပြားပါသည်။ စနေနေ့နှင့် တနင်္ဂနွေနေ့ အားလပ်ရက်များတွင် ကမ်းခြေများသို့ ၎င်းဒေသနှင့် အလွန်မဝေးသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြည်တွင်းခရီးသွားဧည့်သည်များလည်း လာရောက်လည် ပတ်ကြပါသည်။ ကမ်းခြေများ၏ ဆွဲဆောင်မှုရှိသည့် မြင်ကွင်းဖြစ်သော အပြာရောင်ကောင်းကင်အောက်ရှိ ကြည် လင်နေသော ရေပြင်သည် ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင်လျက်ရှိနေပါသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ ပေါကြွယ်ဝသော လူမျိုးစုများ နေထိုင်ကြပါသည်။ ထို့အပြင် ဘုရားများသို့ သွားရောက်လည်ပတ်ဖူးမျှော်ခြင်း၊ ဆင်များအား လေ့လာခြင်း၊ ရွက်လွှင့်ခြင်း ကဲ့သို့သော လှုပ်ရှားဆောင်ရွက်ခြင်းများနှင့် ပျော်ရွှင်စရာ စွန့်စားမှုများကို လာရောက်ပြုလုပ်ရန်လည်း ဧရာဝတီတိုင်းဒေသကြီးမှ ဖိတ်ခေါ်လျက်ရှိပါသည်။

ဧရာဝတီတိုင်းဒေသကြီးဟာ မြန်မာနိုင်ငံရဲ့ဆန်အိုးကြီးလို့တင်စားပြောဆိုခံရပြီး ကောက်ပဲသီးနှံအဓိကထုတ်လုပ်တဲ့ဒေသဖြစ်ပါတယ်။ တိုင်းဒေသကြီးမြို့တော်ကတော့ ပုသိမ်မြို့ဖြစ်ပါတယ်။ ဒီတိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း ၂၆မြို့နယ်ပါဝင်ပြီး စုစုပေါင်း ဧရိယာ ၃၅၉၆၄ စတုရန်းကီလိုမီတာ ကျယ်ပြန့်ပါတယ်။ အနောက်မြောက်ဘက်မှာ ရခိုင်ပြည်နယ်၊ အရှေ့နဲ့ မြောက်ဘက်မှာ ပဲခူး၊ အရှေ့ဘက်မှာ ရန် ကုန်တိုင်းဒေသကြီးနဲ့ တောင်ဘက်နဲ့ အနောက်ဘက်မှာ ဘင်္ဂလားပင်လယ်အော်တို့က ဝန်းရံလျှက်ရှိပါတယ်။ ဧရာဝတီတိုင်းဒေသကြီး က မြန်မာနိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံးဒေသတစ်ခုဖြစ်ပြီး ၂၀၁၁ခုနှစ်မှာ ကောက်ယူခဲ့တဲ့အချက်အလက်တွေအရ စုစုပေါင်းလူဦးရေ ၆.၃၂သန်းရှိပါတယ်။ ဧရာဝတီတိုင်းဒေသကြီးက ဆင်ခြေဖုံးဒေသတွေမှာ လူဦးရေထူထပ်မှုကြီးမားပြီး လူဦးရေရဲ့ ၈၈ရာခိုင်နူန်းက နယ်ဘက်မှာနေထိုင်ကြပြီး မြို့ပေါ်မှာ ၁၂ရာခိုင်နူန်းခန့်ပဲ နေထိုင်ကြပါတယ်။ ၂၀၀၈ခုနှစ်က ဒီဧရိယာကို နာဂစ်မုန်တိုင်းအပြင်းအထန် တိုက်ခတ်မှုဖြစ်ပေါ်ခဲ့ပါတယ်။ တိုင်းဒေသကြီးရဲ့အဓိကစီးပွားရေးကတော့ စိုက်ပျိုးရေးနဲ့ သစ်ထုတ်လုပ်ရေးပါပဲ။ အဓိကဒေသထွက်ကုန် ကတော့ ဆန်စပါးဖြစ်ပါတယ်။ အခြားကောက်ပဲသီးနှံတွေဖြစ်တဲ့ ပြောင်း၊ နှမ်း၊ မြေပဲ၊ နေကြာ၊ပဲစတာတွေကိုလည်း စိုက်ပျိုးကြပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံရဲ့ ဆန်အိုးကြီးရယ်လို့ တင်စားခံရတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရေလုပ်ငန်းကလည်း အရေးကြီးတဲ့စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ငါး၊ငါးခြောက်၊ ပဲပိ၊ မျှင်ငပိစတာတွေက မြစ်ချောင်းအင်းအိုင်ပေါ်များလှတဲ့ ဧရာဝတီတိုင်းဒေသကြီးရဲ့ထွက် ကုန်တွေပဲ ဖြစ်ပါတယ်။

သမိုင်းကြောင်း

        ဧရာဝတီတိုင်းဒေသကြီးသည် မူလက ရာမညတိုင်း တွင် အပါအ၀င် ဖြစ်သော မွန်ဒေသ၏ အဝန်းအဝိုင်း တစ်ခု ဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီးဟု ခေါ်တွင်သော ဒေသ သည် ရှေးအခါက    မွန်သုံးရပ် ဖြစ်သော မွန်တိ၊ မွန်စ၊ မွန်ည တို့တွင် မွန်တိကို  ဒဂုံ၊  ဒလ၊   မွန်စကို သထုံ၊ မဒမ(မုတ္တမ)၊ မွန်ညကို ပုသိမ်၊ မြောင်းမြဟု ပိုင်းခြားထားခဲ့ရာ  ‘မွန်ည’ ဒေသတွင်ပါ၀င်ခဲ့ကြောင်း မှတ်သားရ ပေသည်။ အလောင်းမင်းတရားကြီး၏ တတိယ မြန်မာနိုင်ငံတော် တွင် (ယခု ဧရာ၀တီ တိုင်းဒေသကြီးသည်) ရာမညတိုင်းတွင် ပါ၀င် ခဲ့သည့် ဗြိတိသျှကိုလိုနီခေတ်တွင် ‘ပဲခူးတိုင်း’ဟု သတ်မှတ် ဖွဲ့စည်း သောအခါ ဟံသာဝတီခရိုင်၊ ဟင်္သာတခရိုင်နှင့်ပုသိမ်ခရိုင် ဟူ၍ ခရိုင်သုံးခု ပါရှိခဲ့ရာတွင် ဟင်္သာတခရိုင်နှင့် ပုသိမ်ခရိုင်တို့သည် ယနေ့ ဧရာ၀တီတိုင်းဒေသကြီး၏ နယ်စပ်တွင် ပါဝင်နေပေသည်။
    ဧရာ၀တီတိုင်းဒေသကြီးသည် ခေတ်တည်သမိုင်း၀င် မြန်မာရှင်ဘုရင် နန်းစိုက်ခြင်း မရှိခဲ့သော ဒေသဖြစ်သည်။ သို့သော်လည်း ထူးခြားသော သမိုင်းဆိုင်ရာ ဝိသေသများ ကြွယ်ဝ လျက် ရှိပါသည်။ ရှေးအခါက မြန်မာနိုင်ငံအောက်ပိုင်းကို ‘ရာမည’ ဟူသော အမည်ဖြင့် ခေါ်ဝေါ်ခဲ့ကြသည်။ မည်သည့်ခေတ်၊ မည်သည့် မင်းလက်ထက်၌ စတင်ခေါ်ဝေါ်ခဲ့ကြသည်ကို တိကျခိုင်မာစွာ ဖော်ပြ၍ မလွယ်ကူချေ။ ရာမညဟူသော အမည်ကို အလွန် ရှေးကျ သည့် သီဟိုဠ်ရာဇဝင် (မဟာဝံသကျမ်း၊အခန်း-၇၆)တွင် ပထမဆုံး တွေ့ရသည်။ ကုန်းဘောင်မင်းဆက်ကို တည်ထောင်သော အလောင်းမင်းတရားကြီးသည် ရာမညတိုင်းသား မွန်များကို စည်းရုံး သိမ်းသွင်း၍ တတိယမြန်မာနိုင်ငံတော်ကြီးကို တည်ထောင် ခဲ့သည်။ ၁၈၂၄ခု၊ ပထမ   အင်္ဂလိပ် - မြန်မာစစ်  ၊ ၁၈၅၂ ခု  ဒုတိယ  အင်္ဂလိပ် - မြန်မာ စစ်များတွင် မြန်မာတို့ ရှုံးနိမ့်၍ အောက်မြန်မာ နိုင်ငံနှင့် မြန်မာမင်းပိုင် အထက်မြန်မာနိုင်ငံ ဟူ၍ နှစ်ပိုင်းကွဲခဲ့ ရလေသည်။
    ၁၈၂၄ခုနှစ်၊ သြဂုတ်လ(၁၃)ရက်နေ့စွဲဖြင့် ထုတ်ပြန် သည့် ပြန်တမ်းများအရ ဧရာဝတီတိုင်းသည် ပဲခူးတိုင်းအတွင်း ပါဝင် ဖွဲ့စည်းထားသောဒေသ ဖြစ်သည်။ ပဲခူးခရိုင်တွင် ဟံသာ ဝတီခရိုင်၊ ဟင်္သာတခရိုင်၊ ပုသိမ်ခရိုင် ဟူ၍(၃) ခရိုင်ဖြင့် ဖွဲ့စည်း ထားသည်။
    ၁၈၈၁ခုနှစ်တွင် ပဲခူးတိုင်းအတွင်းမှ ဧရာဝတီခရိုင်ကို ခွဲထုတ် ဖွဲ့စည်းခဲ့သည်။ ထိုခေတ်က ဒီဝီဇံ(Division ခရိုင်)ဟု မြန်မာပြန် ဆိုသည်။ ထို့ကြောင့် ဧရာဝတီခရိုင် (Irrawaddy Division)သည် ၁၈၈၁ ခုနှစ်မှ စတင်ပေါ်ပေါက်လာခဲ့သည် ဖြစ်ကြောင်း သိသာထင်ရှားသည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအရ ဧရာဝတီတိုင်း ဒေသခရိုင်တွင် ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်တို့ ပါ၀င်  ဖွဲ့စည်းထားသည်။   ထို့နောက်   နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီတို့မှ ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်၊ မြို့၊ ရပ်ကွက်များကို အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ယခုအခါ ဧရာဝတီတိုင်းဒေသကြီး၏ တိုးတက်ဖြစ်ထွန်းလာသော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်စေရန် ပြင်ဆင်ဖွဲ့စည်းမှုများ ပြုလုပ်ခဲ့ရာ လက်ရှိဧရာဝတီတိုင်းဒေသကြီးတွင် ခရိုင် (၆)ခရိုင်၊ မြို့နယ် (၂၆)မြို့နယ်၊ မြို့ (၄၀)မြို့၊ ရပ်ကွက် (၂၇၉)ရပ်ကွက်၊ ကျေးရွာအုပ်စု၊ (၁၉၂၁)အုပ်စုနှင့် ကျေးရွာ (၁၁၉၂၀)ရွာ ပါဝင်ပါသည်။

မြေမျက်နှာသွင်ပြင်

ဧရာဝတီတိုင်းက မြစ်ဝကျွန်းပေါ်ဒေသဖြစ်ပြီး အနောက်ဘက်မှာ ဘင်္ဂလားပင်လယ်အော်၊ တောင်ဘက်မှာ ကပ္ပလီပင်လယ်တို့က ဝန်းရံ ထားတဲ့ဒေသဖြစ်ပါတယ်။ ဧရာဝတီတိုင်းမှာ ခရိုင် ၆ခုရှိပါတယ်။ ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ မြောင်းမြ၊ ဖျာပုံ၊ လပွတ္တာဆိုပြီး ခရိုင်တွေ ရှိပါတယ်။ မြို့နယ်အားဖြင့် ၃၉မြို့နယ်၊ ရပ်ကွက် ၂၇၃ခု၊ ကျေးရွာအုပ်စုပေါင်း ၁၉၁၉ရွာနဲ့ ကျေးရွာပေါင်း ၁၁၉၀၇ရွာရှိပါတယ်။ ငွေဆောင်၊ ချောင်းသာလိုမျိုး အပန်းဖြေကမ်းခြေတွေလည်း ဧရာဝတီတိုင်းရဲ့အနောက်ဘက်ပိုင်းမှာ တည်ရှိပါတယ်။ ကမ်းခြေနှစ်ခုစလုံး က ဘင်္ဂလားပင်လယ်အော်ကမ်းရိုးတန်းတလျှောက်တည်ရှိတာဖြစ်ပါတယ်။ ရန်ကုန်ကနေ ကားနဲ့သွားမယ်ဆိုရင် ၄နာရီကြာမြင့်မှာဖြစ် ပြီး ပုသိမ်မြို့ကနေ ၁နာရီခရီးပဲရှိပါတယ်။ ချောင်းသာက ပြည်တွင်းခရီးသွားတွေအကြားမှာ ပိုမိုရေပန်းစားပြီး ငွေဆောင်ကတော့ နိုင်ငံ ခြားသား ဧည့်သည်တွေ လာရောက်မှု ပိုမိုများပြားပါတယ်။ ကမ်းခြေနှစ်ခုစလုံးမှာ ဟိုတယ်၊ တည်ခိုးခန်း၊အပန်းဖြေစခန်းတွေအများကြီး ရှိပြီး ကိုယ်အသုံးပြုမယ့်ငွေကြေးနဲ့ ချိန်ဆတည်းခိုနိုင်ပါတယ်။ ကမ်းခြေတွေဆီကို ကားလမ်းခရီးနဲ့လွယ်လင့်တကူ သွားရောက်နိုင်ပါ တယ်။

ဧရာဝတီမြစ်သည် မြစ်ဝကျွန်းပေါ်တစ်လျှောက် အက်ဒမန်ပင်လယ်အထိ စီးဆင်းပြီး ရှားပါး တိရိစ္ဆာန်များနှင့် ဂေဟစနစ်တို့အတွက် ကောင်းမွန်သောမြေသြဇာကို ဖန်တီးပေးပါသည်။ မြစ်လက်တက်များအဖြစ် ခွဲဖြာစီးဆင်းနေပြီး မြစ်ဝကျွန်းပေါ်တလျှောက် နှုန်းမြေများ၊ လမုတောနှင့် ရွှံ့နွံတောများသည် ဆန်စပါးစိုက်ပျိုးရန်အတွက် ဖြစ်ထွန်းလျက်ရှိသည်။ ဆောင်းရာသီတွင် ဆောင်းခို ငှက်များ လည်း မြစ်ဝကျွန်းပေါ်၌ လာရောက် ကျက်စားလေ့ရှိသည်။ ထို့အပြင် ခရီးသွားဧည့်သည်များအနေဖြင့် ပင်လယ်ငှက်များ၊ ခေါင်းညို စင်ရော်ငှက်များ၊ ရေကြက်များ၊ ဘဲငန်းများနှင့် နို့တိုက်သတ္တဝါမျိုးစိတ်များကို မြစ်ဝကျွန်း ပေါ်တလျှောက်တွင် တွေ့မြင်နိုင်သည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် အာရှဆင်များသည် တစ်နှစ်ထက်တစ်နှစ် အရေအတွက် လျော့နည်းလာသော်လည်း ၎င်းတို့၏ နေထိုင်ကျက်စား ကြပုံများကို ခရီးသွားဧည့်သည်များ လေ့လာနိုင်သည်။ မြစ်ဝကျွန်းပေါ်ဒေသ၏ တောင်ဘက် ပိုင်းတွင် မိချောင်းများ ကျင်လည်ကျက်စားကြပြီး အာရှဆင်များကဲ့သို့ပင် အရေအတွက် လျော့နည်းကာ အနည်းငယ်ပင် ကျန်ရှိတော့သည်။ ထို့အပြင် ခရီးသွားဧည့်သည် များအနေနှင့် ရှားပါးသောသမင်မျိုးစိတ်များနှင့် တောဝက်များကို ကြည့်ရှုလေ့လာနိုင်သည့် အပြင် ကျားသစ်၊ ကျားများ၊ ပင်လယ်လိပ်များကဲ့သို့ ရှားပါးမျိုးစိတ်များကိုလည်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ တွင် အနှံ့အပြား တွေ့ရှိနိုင်သည်။

ဧရာဝတီမြစ် တွင် ကျက်စားနေထိုင်ကြသောကြောင့် ‘ဧရာဝတီလင်းပိုင်’ ဟုခေါ်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဧရာဝတီမြစ်ကို အခြေပြု၍ ဝမ်းစာအတွက် အလုပ်လုပ်ကိုင်နေကြ ရသော ငါးဖမ်းသမားများနှင့် သိသာထင်ရှားသော အပြန်အလှန် ဆက်ဆံရေးများရှိသည်။ ၎င်းတို့က ငါးဖမ်းသမားများ၏ ငါးဖမ်းပိုက်များဆီသို့ ငါးများကို ဝင်ရောက်စေရန် လုပ်ဆောင် ပေးပြီး ငါးဖမ်းသမားများကလည်း ဖမ်းဆီးရရှိသည့် ငါးများကို ဧရာဝတီ လင်းပိုင်များအား ပြန်လည်ကျွေးမွေးကြသည်။ လင်းပိုင်များနှင့် လူတို့အကြား ဤကဲ့သို့ ထူးခြားသော ပူးပေါင်းလုပ်ဆောင်မှုများသည် လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များကို ထူးဆန်းအံ့အားသင့်စေသည်။ မြန်မာနိုင်ငံသည် ဧရာဝတီလင်းပိုင်များ နေထိုင် ကျက်စား ရာနိုင်ငံအများစုထဲမှ တစ်ခုဖြစ်ပြီး ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းကို စတင် လုပ်ဆောင်ခြင်း အပါအဝင် မျိုးစိတ်များကို ကာကွယ်နိုင်ရေးအထိပါ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် နေပါသည်။ ခရီးသွားဧည့်သည်များအနေဖြင့် လာရောက်လည်ပတ်စဉ်အတွင်း ရရှိနိုင်သည့် အတွေ့အကြုံများမှာ ဧရာဝတီလင်းပိုင်များအား လေ့လာခြင်း၊ လှေခရီးစဉ် များ၊ ကျေးရွာများသို့ သွားရောက်လည်ပတ်သည့် ခရီးစဉ်များ၊ ငါးဖမ်းပိုက်ပြုလုပ်ပုံများနှင့် သားရဲတိရစ္ဆာန်များအား လေ့လာခြင်းတို့ဖြစ်ပါသည်။ ခရီးသွားဧည့်သည်များသည် ဒေသခံများက ရိုးရာနည်းလမ်း အတိုင်း ငါးဖမ်းခြင်းကို လေ့လာသည့်အတွက် ငါးဖမ်းသမားများသည် လင်းပိုင်များကို ခေါ်ရန်အတွက် ၎င်းတို့စီးနှင်းထားသည့် ကနူးလှေ၏ တစ်ဖက်တစ်ချက်စီကို ရိုက်၍ အသံပေးကြရသည်။ ထိုအခါ လင်းပိုင်များသည် ငါးဖမ်းသမားများကို ငါးဖမ်းရာတွင် ကူညီရန် လာရောက်ကြပြီး စူးစမ်းလေ့လာရန် ရောက်ရှိနေကြသည့် ခရီးသွားဧည့်သည်များအား ကြိုဆိုသည့်ပုံစံများ၊ လှေအနီးအနားတွင် လှည့်ပတ်ရေးကူးကြခြင်းများကို ပြုလုပ်ကြသည့် အတွက် ခရီးသွားဧည့်သည်များအနေဖြင့် စိတ်ဝင်စားဖွယ်အတွေ့အကြုံကို ရရှိစေပါသည်။

ဧရာဝတီတိုင်းဒေသကြီး သည် စိတ်ချမ်းမြေ့ဖွယ်ကောင်းသော ကမ်းခြေများနှင့် အပန်းဖြေနေရာများကြောင့် ထင်ရှားကျော်ကြားပါသည်။ သန့်ရှင်းကြည်လင်လှသည့် ပင်လယ် ရေ၊ သဲသောင်ကမ်းခြေများနှင့် ပင်လယ်လေကောင်းလေသန့်များသည် အားလပ်ရက်အချိန် များကို ပင်လယ်ကမ်းခြေ၌ ကောင်းမွန်သော ခံစားချက်များဖြင့် ကုန်ဆုံးချင်သူများအတွက် အသင့်တော်ဆုံးဖြစ်နေသည်။ ဆွဲဆောင်မှုရှိသော ကမ်းခြေများသည် အလုပ်၏ ဖိအားများကို ခံနေရသူများအတွက် ထွက်ပေါက်တစ်ခုလည်းဖြစ်ပါသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် အရွယ်အမျိုးမျိုးသော ခရီးသွားဧည့်သည်များအတွက် စိတ်လှုပ်ရှားဖွယ်ကောင်းသည့် ပါဝင် ဆောင်ရွက်မှုများနှင့်အတူ နိုင်ငံတွင် အကောင်းဆုံးကမ်းခြေအတွေ့အကြုံများထဲက တစ်ခုကို ခံစားရစေနိုင်သည့် လူသိများသော အပန်းဖြေနေရာတစ်ခုရှိပါသည်။ ကမ်းခြေများသည် အပန်းဖြေရာတွင် သက်တောင့်သက်သာ နေထိုင်ရန်အတွက် အခြားပြည်နယ်ဒေသများမှ ဒေသခံများကိုပါ ဆွဲဆောင်ပါသည်။ ဤဒေသသည် ရင်သပ်ရှုမောဖွယ်ကောင်းသော ကမ်းခြေ တွင် နေဝင်ဆည်းဆာ ကိုကြည့်ရှုရင်း ကောင်းမွန်သော အနံ့အရသာနှင့်ပြည်စုံသည့် ဟင်းလျာ များကို သုံးဆောင်နိုင်ပါသည်။ ကမ်းခြေများသို့ သွားရောက်လည်ပတ်ရသည်ကို ကြိုက် နှစ်သက်သူများအနေဖြင့် မြန်မာနိုင်ငံအစိုးရအဖွဲ့သည် ခရီးသွားလုပ်ငန်းကို မြှင့်တင်ရေးအတွက် ပိုမိုလှပသော ကမ်းခြေများကို ထပ်မံရှာဖွေလျက်ရှိသောကြောင့် နောင်တွင် လူသိနည်းပြီး အလှတရားများ ဖုံးကွယ်လျက်ရှိသော ကမ်းခြေများကိုလည်း သွားရောက်လည်ပတ်နိုင်မည် ဖြစ်ပါသည်။ လမ်းတံတားများ ကောင်းမွန်ရန်နှင့် လျှပ်စစ်မီးလုံလောက်စွာ ရရှိရန် ကြိုးပမ်း ခြင်းအားဖြင့် ဒေသခံပြည်သူများနှင့် နိုင်ငံခြားခရီးသွားဧည့်သည်များ အနေဖြင့် မထိတွေ့ရ သေးသော ပင်လယ်ကမ်းခြေများဆီသို့ သွားရောက်လည်ပတ်ရာတွင် အဆင်ပြေချောမွေ့ မည်ဖြစ်ပါသည်။နိုင်ငံခြားခရီးသွားဧည့်သည်များအနေဖြင့်လည်း ၎င်း ခရီးစဉ်ဒေသအသစ်များတွင် ပေါ်ပေါက်လာမည့် Guest House များ၊ ဟိုတယ်များတွင် နေထိုင်အပန်းဖြေနိုင်မည်ဖြစ်ပါ သည်။

ထင်ရှားကျော်ကြားသောနေရာများ

ကမ်းခြေ ကို ကြိုက်နှစ်သက်တဲ့ ခရီးသွားဧည့်သည်များသည် ငွေဆောင်အပန်းဖြေကမ်းခြေတွင် အားလပ်ရက်များကို ကုန်ဆုံးချင်ကြသည်။ ၎င်းအပန်းဖြေစခန်းသည် မြန်မာနိုင်ငံ၏ အကောင်း ဆုံး ကမ်းခြေများထဲမှ တစ်ခုအဖြစ် အတွေ့အကြုံများကို ပေးစွမ်းနိုင်ပါသည်။ ကြည်လင်သော ရေပြင်သည် ခရီးသွားဧည့်သည်များအတွက် ရေကစားရန် ဆွဲဆောင်နေသကဲ့သို့ ၁၅ ကီလိုမီတာ ကျယ်ဝန်းသော ရေပြင်မှာ အမျိုးမျိုးသော လှုပ်ရှားအားကစားနည်းများလည်း ပါဝင်လှုပ်ရှား အပန်းဖြေနိုင်ပါသည်။
ချောင်းသာကမ်းခြေ သည် ပုသိမ်မြို့အနောက်ဖက် ကီလိုမီတာလေးဆယ် အကွာတွင် တည်ရှိ၍ ရန်ကုန်မြို့မှ ၅ နာရီကြာ ကားမောင်းခရီး အကွာအဝေးတွင် ရှိပါသည်။ ထင်းရှူးပင်၊ အုန်းပင်များနှင့် ကမ်းခြေသည် ထူးခြားလှပနေလျက် ခရီးသွားဧည့်သည်များအတွက် နှစ်သက်ဖွယ် မြင်ကွင်း အလှတရားများနှင့် ပင်လယ်လေနုအေးများကို ခံစားစီးမျှောနိုင်ပါသည်။ ဈေးနှုန်းချိုသာ၍ လတ်ဆတ်ပြီး အရသာကောင်းမွန်သော ပင်လယ်စာ အစားအစာများ ရရှိနိုင်သည့် အပန်းဖြေ စခန်း အနီးအနားတွင် ရှိသော တံငါရွာများ၌လဲ ခရီးသွားဧည့်သည် အမြောက်အများ ဝင်ထွက် သွား လျက်ရှိပါသည်။
ပုသိမ်မြို့ သည် တစ်ချိန်က အာရဗီများနှင့် အိန္ဒိယကုန်သည်များ နေထိုင်ခဲ့သောမြို့ တစ်မြို့ဖြစ်ပါသည်။ ပုသိမ်ဟူသောအမည်သည်  မြန်မာဘာသာစကားဖြင့် မူဆလင်ဟုအဓိပ္ပာယ်ရသော ပသီဟူသည့်စကားမှဆင်းသက်လာပါသည်။ ခရီးသွားဧည့်သည်များအနေဖြင့် ဘတ်စ်စကား၊ ရထားနှင့် လှေဖြင့် မြို့အနှံ့လည်ပတ်သွားလာနိုင်ပါသည်။ ကမ်းခြေများ၏သဘာဝအလှအပများနှင့် ရှေးဟောင်းသမိုင်းဝင်စေတီပုထိုး ဘုရားကျောင်းများကိုလာရောက်လည်ပတ်ရန် ဖိတ်ခေါ်လိုက်ပါသည်။ ထို့အပြင်  ပုသိမ် မြို့၏ အထင်ကရလက်မှုလုပ်ငန်းတစ်ခုဖြစ်သော ပုသိမ်ထီးလုပ်ငန်းအကြောင်းကိုလည်း စိတ်ဝင်စားဖွယ် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
မော်တင်အငူမှ မော်တင်စွန်းဘုရားသည် ခရီးသွားရာသီဖြစ်သော ဖေဖော်ဝါရီလမှ မတ်လ အတွင်းတွင် ပွဲတော်များနှင့် အထင်ကရ နေရာတစ်ခုအဖြစ်ကျော်ကြားပါသည်။မော်တင်စွန်း ဘုရားသည် ရင်သပ်ရှုမောဖွယ် သဲပြင်ကမ်းခြေနှင့်အတူ တွဲဖက်လျက် ပင်လယ်နံဘေးတွင် တည်ရှိပါသည်။ ဘုရား၏ ဘေးပတ်ပတ်လည်တွင် ရေတို့ဖုံးလွှမ်းလျှက်ရှိပြီး ရေပေါ်တွင် တည်ထားသကဲ့သို့ တွေ့မြင်နိုင်ပါသည်။
ရွှေမုဋ္ဌောဘုရားသည် ဗုဒ္ဓဘာသာဝင်များ ကြည်ညိုလေးစားသော ဘုရားတစ်ဆူဖြစ်သည်။ အိန္ဒိယမှ အသောကမင်းကြီး စတင်ကိုးကွယ်ပြီးနောက်တွင် အခြားသော မင်းကြီးများ ဆက်၍ လှူဒါန်းပူဇော်ကြပြီး အထပ်ထပ်ဖြစ်လာသည့်အလွှာများတွင် ရွှေ၊ငွေ ၊ကြေး စသည့် တန်ဖိုးကြီး လက်ဝတ်ရတနာများစွာ ပါဝင်နေသည်ကို ယနေ့ထက်တိုင် တွေ့ရှိရသည်။
ဘုရား၏နာမည်သည်ပြည်တော်ပြန်ဘုရားဖြစ်ပြီး စာပေကျမ်းဂန်များအရ နယ်မြေရပ်ခြားမှ ပြန်လာခြင်းဟု အဓိပ္ပာယ်ရသည်။ အင်္ဂလိပ်ကိုလိုနီခေတ်တွင် ဘုရားကြေးဆင်းတုတော်ကြီးကို အင်္ဂလန်ကို ပင့်ဆောင်လာပြီးနောက် ဘုရင်မကြီးသည် အိမ်မက်ဆိုးများနှင့် ခေါင်းကိုက်ဝေဒနာ ခံစားလာရသည်။ထို့ကြောင့် ဘုရင်မသည်မြန်မာပြည်သို့ ဘုရားဆင်းတုတော် ပြန်လည်ပို့ဆောင် ပေးခဲ့သည်။
၂၀၀၈ခုနှစ် ဆိုင်ကလုံးမုန်တိုင်း နာဂစ်ကြောင့် အကြီးအကျယ် ပျက်စီးခဲ့သော မိန်းမလှကျွန်းအား သဘာဝဘေးအန္တရာယ်များကို ကာကွယ်ပေးနိုင်သော နေရာဖြစ်စေရန် ရည်ရွယ်၍ လမုပင် ထိန်းသိမ်းစောက်ရှောက်ရေးနေရာအဖြစ် ပြောင်းလဲခဲ့ပါသည်။ နေရာ တစ်ခုလုံးတွင် လမုပင်များဝန်းရံလျက်ရှိပြီး ငှက်ကြည့်သော နေရာအဖြစ် ကျော်ကြားသည်။

 

Myanmar

ကချင်ပြည်နယ်