မွန်ပြည်နယ်

မွန်ပြည်နယ် သည် မြန်မာနိုင်ငံ၊ တောင်ဘက်ပိုင်းမှာ တည်ရှိပြီး သဘာဝအလှအပများ၊ ဘုရားပုထိုးစေတီများ၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ဒေသခံတိုင်းရင်းသား ညီအစ်ကို မောင်နှစ်မများ၏ ရိုးရာဓလေ့ ဖော်ရွေပျူငှာမှုများနှင့် ပြည့်နက်နေသည့် ပြည်နယ်တစ်ခုဖြစ်သည်။ မွန်ပြည်နယ်သည် ပင်လယ်နှင့် နီးကပ်စွာ တည်ရှိ၍ အပူပိုင်းရာသီဥတုရှိပါသည်။ မော်လမြိုင်မြို့သည် မွန်ပြည်နယ်၏ မြို့တော်ဖြစ်သည်။ မြောက်လတ္တီတွဒ် ၁၆.၂၉၊ အရှေ့ လောင်ဂျီတွဒ် ၉၇.၃၈၊ တွင် တည်ရှိပြီး၊ ပြည်နယ်ရုံးများစိုက်ရာမြို့ဖြစ်သည်။ ဧရိယာ ၈၄.၄၈ စတုရန်မိုင်ကျယ်၀န်းပြီး ရပ်ကွက်(၂၈) ရပ်ကွက် ကျေးရွာအုပ်စု(၁၃)စု ကျေးရွာပေါင်း(၃၂)ရွာ ဖြင့် ဖွဲ့စည်းထားပါသည်။ မော်လမြိုင်မြို့သို့ မော်တော်ကား၊ မီးရထား၊ လေယာဉ်တို့ဖြင့် လွယ်ကူစွာ လာရောက်နိုင်ပါသည်။ မော်လမြိုင်မြို့မှ အခြားမြို့များသို့ တိုက်ရိုက်သွားရောက်နိုင်သဖြင့် မော်လမြိုင်မြို့သည် ခရီးလမ်းဆုံမြို့လည်းဖြစ်သည်။ မော်လမြိုင်မြို့တွင် ထင်ရှားကျော်ကြားသော ဘုရားစေတီများမှာ ကျိုက်သလ္လံစေတီ၊ ကျိုက်သုတ်စေတီ၊ မဟာမြတ်မုနိဘုရား၊ ရွှေဗျိုင်းဖြူစေတီ၊ တောင်ဝိုင်းဘုရားစသည့်တို့အပြင် တောင်ရိုးတန်းတစ်လျှောက် ဘုရားစေတီများစွာကို ဖူးတွေ့နိုင်ပါသည်။

မွန်ပြည်နယ်၏ ရာသီဥတုသည် တစ်နှစ်ပတ်လုံး အပူချိန်အတော်အသင့်ရှိသည့် အပူပိုင်း ရာသီဥတုဖြစ်သည်။ အဆိုပါ ဒေသသည် ဇူလိုင်လနှင့် ဩဂုတ်လတို့၌ မိုးသည်းထန်စွာ ရွာသွန်းပါသည်။ မြန်မာနိုင်ငံ၏ တတိယအကြီးဆုံးမြို့ဖြစ်သော မော်လမြိုင်မြို့သည် မွန်ပြည်နယ်၏ မြို့တော်ဖြစ်သည်။ မွန်ပြည်နယ်တွင် ကျယ်ပြန့်သော ကမ်းရိုးတန်းနှင့် ကမ်းခြေများစွာလည်း ရှိပါသည်။

သမိုင်းကြောင်း
မွန်ပြည်နယ်၏ သမိုင်းကြောင်းကို လေ့လာကြည့်ပါက ဘီစီ ၃၀၀ ခန့်ကပင် စတင် တည်ထောင် ခဲ့သည်ဟု ယူဆကြသည်။ မွန်ပြည်နယ်သည် အသောကမင်း၏ လက်ထက်ကပင် စာပေများတွင် ဖော်ပြထားသော သုဝဏ္ဏဘူမိ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု သမိုင်းပညာရှင်များက ယုံကြည် ကြသည်။ ဤဒေသတွင်နေထိုင်သော လူများသည် ဘီစီ ၂ ရာစု နှင့် ၃ ရာစု ဝန်းကျင်တွင် အသောကမင်းထံမှ ဘုန်းကြီးများ မွန်ပြည်နယ်သို့ သွားရောက်ခဲ့ရာမှ ဗုဒ္ဓဘာသာနှင့် ဆက်နွယ်မှု ရှိခဲ့သည်။ ထို့ကြောင့် ဤဒေသ၏ယဉ်ကျေးမှုသည် အိန္ဒိယနှင့် မွန်ယဉ်ကျေးမှုတို့၏ ပေါင်းစပ်မှု တစ်ခုဖြစ်သည်။ 
မွန်လူမျိုးများသည် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာသော မျိုးနွယ်စုများအနက် အစောဆုံး အခြေချ နေထိုင်သူများဖြစ်သည်။ ရှေးခေတ် မွန်လူမျိုးတို့သည် ထေရဝါဒ ဗုဒ္ဓဘာသာအပြင် ကိုယ်ပိုင် ယဉ်ကျေးမှုများကို ဗမာလူမျိုးတို့ထံ သယ်ဆောင်လာကြသူများ ဖြစ်ကြသည်။ မွန်လူမျိုးတို့သည် သထုံနှင့် ဟံသာဝတီမင်းဆက်တို့ကို မြန်မာနိုင်ငံ အောက်ပိုင်းတွင်လည်းကောင်း၊ ဒွါရဘူရီလော့ဘူရီနှင့် အရိဘုဉ္ဇယ မင်းဆက်တို့ကို ထိုင်းနိုင်ငံတွင်လည်းကောင်း တည်ထောင်ခဲ့ကြသည်။ မွန်လူမျိုးတို့ တည်ထား ကိုးကွယ်ခဲ့သော တန်ခိုးကြီးဘုရား ၃ ဆူ ဖြစ်သည့် ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရား၊ မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုးဘုရားနှင့် ပဲခူးမြို့ရှိ ရွှေမော်ဓောဘုရားတို့မှာ ထင်ရှားသည်။ ဗုဒ္ဓဘာသာဝင် မွန်လူမျိုးတို့သည် တပေါင်းလတွင် သဲပုံစေတီပွဲနှင့် တော်သလင်းလတွင် ဆွမ်းတစ်ထောင်ပွဲကို ကျင်းပကြသည်။ မွန်ပြည်နယ်၏ စက်စဲကမ်းခြေ၊ ကဗျာဝ ကမ်းခြေတို့သည် လှပပြီး အပန်းဖြေ လာရောက်လည်ပတ်သူ များပြားသည့် ကမ်းခြေများ ဖြစ်သည်။ ရွှေဟင်္သာယိမ်းနှင့် တစ်ပင်တိုင်အက တို့မှာ မွန်လူမျိုးတို့၏ အထင်ကရပွဲတော်တိုင်းတွင် ကပြကြသည့် အကများ ဖြစ်ကြသည်။ ရာဘာသည် မွန်ပြည်နယ်၏ အဓိက ထုတ်ကုန် ဖြစ်ပြီး ဒူးရင်း၊ ကြက်မောက်၊ မင်းကွတ်နှင့် ကျွဲကောသီးတို့မှာ လူကြိုက်များသော ဒေသထွက်အသီးအနှံများ ဖြစ်သည်။

ဌာနေတိုင်းရင်းသားများ

အများစုက မွန်တိုင်းရင်းသားတွေ ဖြစ်ပါတယ်။ မွန်လူမျိုးတွေအပြင် မြန်မာ၊ ကရင်၊ ပအို့ပ်၊ ချင်း၊ ကချင်၊ ရခိုင်၊ ရှမ်း၊ အင်ဂလို ဗမာနဲ့ ဗမာထိုင်းတွေလည်း မွန်ပြည်နယ်မှာ အတူယှဉ်တွဲနေထိုင်ကြပါတယ်။ မွန်လူမျိုးတွေမှာ ကိုယ်ပိုင်စာပေနဲ့ယဉ်ကျေးမှုရှိပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်ဘာသာစကားရှိပြီး တချို့ဆိုရင် ဗမာစကားကို နားမလည်မသလို မပြောနိုင်ပါဘူး။ အများစုက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပြီး တချို့ကတော့ ခရစ်ယာန်၊ မွတ်စလင်နဲ့ ဟင်ဒူဘာသာဝင်တွေလည်း မွန်ပြည်နယ်မှာ အတူယှဉ်တွဲနေထိုင်ကြပါတယ်။

မြန်မာနိုင်ငံတွင် မွန်လူမျိုးများ အများဆုံးနေထိုင်ဒေသများမှာ-

မွန်ပြည်နယ်တွင် မော်လမြိုင်မြို့နယ်၊ ကျိုက်မရောမြို့နယ်၊ မုဒုံမြို့နယ်၊ ချောင်းဆုံမြို့နယ်၊ ပေါင်မြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်တို့တွင် အများဆုံးနေထိုင်ကြပြီး သထုံမြို့နယ်၊ ကျိုတ် ထို မြို့နယ်တို့ တွင် အနည်းငယ်နေထိုင်ကြလျက်ရှိသည်။

ကရင်ပြည်နယ်တွင် ဘားအံမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ လှိုင်း ဘွဲ့မြို့နယ်၊ မြဝတီမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်တွင် အများဆုံးနေထိုင်ကြလျှက်ရှိသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ပုလောမြို့နယ်တို့တွင် အများဆုံးနေထိုင်ကြပြီး ကျန်မြို့နယ်များဖြစ်သော ထားဝယ်မြို့နယ်၊ မြိတ်မြို့နယ်၊ ကျွန်းစုမြို့ နယ်နှင့် ကော့သောင်းမြို့နယ်တို့တွင် အနည်းငယ်နေထိုင်ကြသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတွင် ပဲခူးမြို့နယ်နှင့် ဘုရားကြီးမြို့တို့တွင်လည်း အနည်းငယ်ပျံ့နှံ့နေထိုင်ကြသည်။

စေတီပုထိုးများ

မွန်ပြည်နယ်တွင် ထင်ရှားကျော်ကြားသော စေတီပုထိုးများစွာရှိပါသည်။ ကျိုက်ထီးရိုးဘုရားသည် မွန်ပြည်နယ်တွင် တည်ရှိပါသည်။ စေတီတော်ရဲ့ဉာဏ်တော်မှာ (၃၂ပေ၅ လက်မ) မြင့်ပြီး နက်ရှိုင်းသည့်ချောက်ကမ်းပါးကြီးမှ သီးခြားထိုးထွက်နေသည့် ကျောက်ဆောင်ကြီးပေါ်တွင် တည်ထား ခြင်းဖြစ်ပြီး ၎င်းကျောက်ဆောင်ကြီးသည် မညီမညာဖြစ်နေရုံသာမက ခပ်ခုံးခုံးပုံသဏ္ဍာန် ကျောက်တုံးကြီးမှာနိမ့်လျောနေသည့် အစွန်းမှ အပြင်ဘက်သို့ ထိုးထွက်ကာချောက်ထဲသို့ ကျလုဆဲဆဲ မေးတင်လျက်ရှိနေပါသည်။ မွန်ပြည်နယ်ရှိ ကမ္ဘာ့အကြီးဆုံးဝင်းစိန်တောရလျောင်းတော်မူ ဘုရားကြီး သည် အမြင့်ပေ၃၀မီတာ နှင့် ၁၈၀မီတာရှည်လျားပြီး နှစ်စဉ်နှစ်တိုင်း ခရီးသွားဧည့်သည်များကို ဆွဲဆောင် လျက်ရှိပါသည်။ ဝင်းစိန်တောရလျောင်းတော်မူဘုရားကြီးသည် ကျောက်တစ်လုံးတောင်၏ ညာဘက် မျက်နှာ ချင်းဆိုင်တွင်တည်ရှိပါသည်။ ကျိုက်ပေါလောဘုရားသည်လည်း ဘုရား၏မျက်နှာတော်ပေါ်တွင် မှဲ့ရှိနေခြင်းကြောင့်နာမည်ကြီးလှပါသည်။ ရွှေစာရံဘုရားသည်ဂေါတမမြတ်စွာဘုရား၏ဆံတော် (၈)မျှင် စွယ်တော်(၄)ဆူဌာပနာထားသော ဘုရားတစ်ဆူဖြစ်ပါသည်။ ပိဋကတ်(၃)ပုံဌာပနာထားသော ကျိုက်သလ္လံဘုရားမှာလည်း ထင်ရှားကျော်ကြားလှပါသည်။

ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကို မွန်ဘာသာဖြင့် “ကျိုက်ဣသီယို” လို့ခေါ်ကြပြီး ကျိုက် (ဘုရား)၊ ဣသိ(ရသေ့)၊ ယို(ရွက်သည်)၊ အဓိပ္ပါယ်မှာ ရသေ့ရွက်ဘုရား လို့အဓိပ္ပါယ်ရသည်။ ကာလရွေ့လျား လာသော် မွန်သံမှမြန်မာသံပြောင်းလဲလာပြီး ကျိုက်ထီးရိုးဟုတွင်လာခဲ့ကြခြင်းဖြစ်သည်။ ကျိုက်ထီးရိုး စေတီတော်သည် ပင်လယ်ရေမျက်နှာပြင်အထက် (၃၆၁၅ပေ) အမြင့် မှာရှိပြီး ကျိုက် ထီးရိုး တောင်ပေါ်သို့ တောင်တက်ကား၊ကေဘယ်ကားတို့နဲ့ သွားရောက်နိုင်ပြီး တောင်တက် တောလမ်းအတိုင်းခြေလျင်ဖြင့်လည်း သွားရောက်နိုင်ပါသည်။ ခြေလျင်လမ်းမှာ (၇)မိုင်(၂)ဖာလုံရှည်လျားသည်။

ကျိုက်ဘောလောမှဲ့ရှင်ဘုရား

ကျိုက်ထိုမြို့နယ် ရှိ  ကျိုက်ပေါ်လောဘုရားသည် ဗုဒ္ဓရုပ်ပွားတော်၏ မျက်နှာတော်ပေါ်တွင် မှဲ့ရှင်တည်ရှိနေသောကြောင့် လူသိများကျော်ကြားပါသည်။ မျက်လုံးတော်များသည်လည်း အသက်ဝင်နေပြီး ဒဏ္ဍာရီအရ ဆင်များ၊ မြင်းများဖြင့်လည်း ရွှေ့ပြောင်းရန် ကြိုးပမ်းခဲ့သော်လည်းမရနိုင်ခဲ့ပါ။ ထို့ပြင်ရုပ်ပွားတော်သည် ရေပေါ်တွင်ပေါ်နိုင်စွမ်းရှိပြီး သီရိလင်္ကာအရပ်သို့ လည်း အမြဲမျက်နှာမူနေသည်ဟူ၍လည်း ပြောစမှတ်ရှိပါသေးသည်။

ရွှေစာရံဘုရား

ရွှေစာရံဘုရားကို ဘီစီ၅ရာစုတွင် တည်ထားခဲ့သည်ဟု ယုံကြည်ရပြီး ဘုရားအတွင်း ဂေါတမမြတ်စွာဘုရား၏ သွားတော်လေးစွယ်နှင့် ဆံချည်မျှင်ရှစ်ပင်တို့ကို ဌာပနာထားပါသည်။ များစွာသောရွှေရုပ်ပွားတော်များရှိသည့်အပြင် ကဿ်သပဘုရား၏ မြသပိတ်နှင့် ဂေါဏဂုဏဘုရား ၏ပစ္စည်းများလည်းရှိသောကြောင့် ဗုဒ္ဓဘာသာဝင်တို့အကြောင်းလေ့လာရန်အတွက် စိတ်ဝင်စား ဖွယ်နေရာတစ်ခု ဖြစ်ပါသည်။

ကျောက်တလုံးတောင်

ကျောက်တစ်လုံးတောင်သည် ဝင်းစိန်တောရကျောင်း၏ ညာဘက်မျက်နှာချင်းဆိုင်ရှိ ကျိုက်သလန် တောင်ပေါ်တွင် တည်ရှိပါသည်။ အမြင့်ပေ ၃၀ဝ ရှိသော ထုံးကျောက်ပါးပေါ်တွင် တည်ရှိနေသောကြောင့် စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။

ဝင်းစိန်တောရ လျောင်းတော်မူဘုရားကြီး

ဝင်းစိန်တောရလျောင်းတော်မူဘုရားကြီးသည် ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူဘုရားကြီး ဖြစ်ပါသည်။ ၃၀ မီတာမြင့်၍ ၁၈၀ မီတာရှည်ပါသည်။ ဝင်းစိန်တောရ လျောင်းတော်မူဘုရားကြီးသည် ကမ္ဘာ့အကြီး ဆုံးလျောင်းတော်မူဘုရားကြီးဖြစ်ပြီး ဘွဲ့တော်မှာ ဇိနသုခရန်အောင်ချမ်းသာဖြစ်သည်။ အတောင်(၄၀၀)ရှည်လျားသောလျောင်းတော်မူ၏ ကိုယ်တော်အတွင်း၌ အခန်းများဖွဲ့၍ ၅၅၀ ဇတ်တော်များကို ရုပ်လုံးကြွပန်းချီများဖြင့်တန်ဆာဆင်ထားသည်။ ညာလက်တော်တစ်တောင်ဆစ်ခေါက်၍ ဘယ်ဘက်တော်ကိုဘေးဆောင်းလှဲနေသော ကိုယ်တော်ပေါ်ဆန့်ချကာ အလျားလိုက်ဆန့်ထားသော လျောင်းတော်မူစေတီကြီးဖြစ်သည်။

ကျိုက်ခမီရေလယ်ဘုရား

ကျိုက်ခမီမြို့သည် မွန်ပြည်နယ်အတွင်းတည်ရှိသော ကမ်းခြေအပန်းဖြေမြို့တစ်ခုဖြစ် ပါသည်။ မော်လမြိုင်မြို့၏တောင်ဘက် ၄၈ကီလိုမီတာအကွာအဝေးတွင် တည်ရှိပြီး နိုင်ငံခြားသားများအတွက် ပင်လယ်ကိုကြည့်ရှုခံစားနိုင်သည့် ကျော်ကြားသော ခရီးစဉ်ဒေသ တစ်ခုဖြစ်ပါသည်။ ကျိုက်ခမီရေလည်ဘုရားသည်လည်း မြို့တွင်းသို့ ဘုရားဖူးများ လာရောက် စေရန်ဆွဲဆောင်နေလျက်ရှိပါသည်။ မပျက်စီးသေးသောဒေသတစ်ခုအဖြစ် မြို့ပြ၏ လူနေထူထပ် မှုများမှကွာဝေးပြီး ရက်အနည်းငယ်နှင့် ငြိမ်းချမ်းခြင်းကို ခံစားနိုင်သော နေရာတစ်ခုဖြစ်ပါ သည်။

 

မွန်ရိုးရာဓလေ့ထုံးစံများ

မွန်ရိုးရာဓလေ့ ဆွမ်းတော်တစ်ထောင် တင်လှူပူဇော်ပွဲ

မွန်လူမျိုးတို့သည် ထေရဝါဒ ဗုဒ္ဓဘာသာကို အထူးကိုင်းရှိုင်း လေးစားကြသည့် လူမျိုး ဖြစ်ပြီး မွန်ရိုးရာဓလေ့ ဆွမ်းတော်တစ်ထောင်တင်လှူပူဇော်ပွဲကို (သင်္ဘောဆွမ်းတော်ကြီးတင်ပွဲ) နှစ်စဉ် တော်သလင်းလပြည့်နေ့တွင် ကျင်းပလှူဒါန်းပူဇော်လေ့ ရှိကြပါသည်။

သင်္ဘောဆွမ်းတော်ကြီးတင်လှူပွဲကို အယူအဆ (၂) မျိုးဖြင့် ကျင်းပခဲ့ကြသည်ဟု မွန်သံဃာတော်များနှင့် မွန်သုတေသီပညာရှင်များက ဆိုထားကြပါသည်။

တစ်မျိုးမှာ အေဒီ ၅၄၀ ခုနှစ်တွင် သီဟိုဠ်ဘာသာဖြင့် တည်ရှိနေသော ပိဋကတ်သုံးပုံကျမ်းအစုံစုံကို ပါဠိဘာသာဖြင့် တစ်ဆင့် ကူးယူရုံသာမက ၀ိသုဒ္ဓိမဂ်ကျမ်းကြီးကိုလည်း ကိုယ်ပိုင်ဉာဏ်ဖြင့် ကိုယ်တိုင်ရေးသားပြုစုခဲ့သည့် အရှင်မဟာဗုဒ္ဓဃောသမထေရ်မြတ်၏ အပြန်လမ်းသည် မုတ္တမကမ်းခြေသို့ ဦးတည်ခဲ့ပြီး ယင်းကြောင့် မုတ္တမနေပြည်တော်အခြေစိုက် မင်းနှင့်ပြည်သူတို့ကပိဋကတ်သုံးပုံသယ်ဆောင်လာသည့် အရှင်မြတ်ကို ခရီးဦးကြိုဆိုခဲ့ကြသည်။ ထိုမှ အစပြု၍ ယနေ့တိုင် မွန်တို့ဒေသ ရာမညတွင် ဘုရားဟောသည့် ပိဋကတ်ပါဠိတော်တည်ရှိသည့် အထိမ်းအမှတ်ဖြင့် ဆွမ်းတော်ကြီးတင်ပွဲကို ဆင်နွှဲကြသည့်ဓလေ့ ပေါ်ပေါက်လာသည်ဟူ၍ ဖြစ်သည်။

ယင်းအယူအဆအပြင် ဓမ္မစေတီမင်း၏ သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ သမိုင်းနှင့် ကျမ်းအရဖော်ပြထားသည်မှာ ဓမ္မစေတီမင်းသည် သီလစင်ကြယ်သော သာသနာပြု ရဟန်းတော်များ မွေးထုတ်နိုင်ရန် ရည်ရွယ်၍ ကောဇာသက္ကရာဇ် ၈၃၈ ခုနှစ်တွင် မွန်သံဃာတော် ၄၄ ပါးကို ရာမဒူတသင်္ဘောနှင့် စိတြဒူတသင်္ဘော ဟူသော သင်္ဘောနှစ်စီးဖြင့် သီဟိုဠ် (သီရိလင်္ကာ) သို့ ကြွစေသည့်အခါ သံဃာတော် ၄၄ ပါးတို့က ကလျာဏီသိမ်တွင် ရဟန်းအသစ် ခံယူကြသည်။ ကိစ္စပြီးဆုံး၍ ပြန်သည့်အခါ သင်္ဘောနှစ်စီးအနက် ရာမဒူတသင်္ဘောသာ ခရီးစဉ်အတိုင်း ချောမွေ့စွာ ပြန်ရောက်နိုင်ခဲ့ပြီး စိတြဒူတသင်္ဘောကား လေပြင်းမုန်တိုင်းမိ၍ သင်္ဘော မမှောက်သည့်တိုင် ပြန်မရောက်နိုင်ဘဲ ပျောက်လျက်ရှိနေခဲ့သဖြင့် မင်းနှင့်တကွ တိုင်းသူပြည်သားများက ရတက်မအေး ဖြစ်ကြရသည်။ သို့သော်လည်း စိတြဒူတသင်္ဘောသည် အိန္ဒိယနိုင်ငံ (ယခင်-မဒရပ်၊  ယခု -ချင်းနိုင် – ဟု ယူဆရသည့်) ဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်ဟု ဆိုကြသည်။ ထိုအခါ ပျောက်နေသည့် သင်္ဘောတွင် ပါရှိသော ရဟန်းသံဃာတော်များ ဘေးအန္တရာယ် မကျရောက်စေရန်  အလို့ငှာ မင်းနှင့် တိုင်းသူပြည်သား အပေါင်းတို့က ဆုတောင်းခြင်းအမှုကို ပြုလုပ်ရာ ပျောက်ဆုံးနေသည့် စိတြဒူတသင်္ဘောပုံသဏ္ဍာန် ဖန်တီး တည်ဆောက်ထားသည့် သင်္ဘောတွင် လှူဖွယ်ဝတ္ထု အစုစုကို စုပေါင်း ထည့်ကာ ကပ်လှူဖွယ် အသွယ်သွယ်တို့ဖြင့် ဖြည့်ကြသည်။ ထို့နောက် ဖြည့်ထည့် လှူဒါန်းကြသည့် အမျိုးအမည် ရာထောင်မကသော ဒါတဗ္ဗဝတ္ထု အစုစုတို့ပါဝင်သည့် ဆွမ်းတော်ကြီးပွဲကို အတုမရှိ ဗုဒ္ဓမြတ်စွာဘုရား၏ ဂုဏ်တော်ကို အာရုံပြုလျက် တော်သလင်းလပြည့်နေ့ နံနက်အာရုဏ်တွင် ကပ်လှူပူဇော်ကာ သီလခံယူ ဆောက်တည်ခြင်း တရားနားယူခြင်း ကုသိုလ်အမှုတို့ကို ပြုလုပ်ခဲ့ကြသည်။ ထိုသို့ ဆုတောင်းပူဇော်ခြင်းအမှုတို့ကို ပြုပြီးနောက် တော်သလင်းလဆုတ် နှစ်ရက်တွင် စိတြဒူတသင်္ဘော ကောင်းမွန် ချောမွေ့စွာ ပြန်ရောက်လာသဖြင့် မင်းနှင့် တိုင်းသူပြည်သားများက ဝမ်းမြောက်ဝမ်းသာစွာဖြင့် ခရီးဦးကြို ပြုနိုင်ခဲ့သည် ဟူ၍ ဖြစ်သည်။

ထိုအယူအဆတို့ကို အကြောင်းပြု၍ မွန်ပြည်နယ် အနယ်နယ်အရပ်ရပ်ရှိ မွန်ဘုန်းတော်ကြီးကျောင်းများတွင် အလှူရှင်အပေါင်းတို့က စွမ်းနိုင်သမျှ လုပ်အား၊ အလှူငွေအားဖြင့် တော်သလင်းလပြည့်နေ့မတိုင်မီ သင်္ဘောတစ်စီးကို၊ စက္ကူ၊ဝါး၊ သစ်သားစသည်တို့ဖြင့် ပြုလုပ်တည်ဆောက်ကြပြီးနောက် ယင်းသင်္ဘော၏ ကုန်းပတ်ပေါ်တွင် ဆွမ်း၊ တံခွန်၊ ကုက္ကား၊ ပန်း၊ နံ့သာ၊ သစ်သီး၊ ကွမ်း၊ ဆီမီး စသော အမျိုးအမည် တစ်ထောင်နီးပါးရှိ လှူဖွယ်ဝတ္ထု အမျိုးမျိုးတို့ကို တင်လှူကာ တော်သလင်းလပြည့်နေ့တွင် ဗုဒ္ဓမြတ်စွာဘုရားအား ရည်မှတ်ကပ်လှူ ပူဇော်ကြခြင်း ဖြစ်သည်။ ထိုသို့ ဆွမ်းကပ်လှူသည့် အလေ့အထကို ယနေ့တိုင် ဆောင်ရွက် ကျင်းပလေ့ ရှိကြပြီး ဆွမ်းတော်တစ်ထောင် တင်လှူပူဇော်ပွဲ၊ မွန်ဘာသာဖြင့် သ္ဘင်ဗဝ်သဿုတ်ကၞင် ဟုလည်း မှတ်သားခေါ်ဝေါ်ကြကြောင်း သိရသည်။

တစ်ကမ္ဘာလုံးတွင် ဗုဒ္ဓဘာသာရှိနေသော်လည်း တစ်မူထူးခြားသည့် သင်္ဘောဆွမ်းကြီးကပ်သည့် ရိုးရာဓလေ့မှာမူ မွန်တိုင်းရင်းသားလူမျိုးတစ်မျိုးတွင်သာရှိကြသည့် ဓလေ့ဖြစ်ကာ မွန်လူမျိုးတို့ အခြေချနေထိုင်ရာ နေရပ်အသီးသီး၌ သင်္ဘောဆွမ်းကပ်လှူပူဇော်သည့်ပွဲကို တော်သလင်းလပြည့်နေ့တွင် ကျင်းပလေ့ရှိကြပါသည်။ ယင်းနေ့မှာပင် အချို့မွန်ရွာ၊ မွန်ဘုန်းတော်ကြီးကျောင်းများ၌ စတုမဓု ပျားရည်လောင်းလှူပွဲကိုလည်း ကျင်းပလေ့ရှိကြောင်း သိရှိရပေသည်။

ထိုသို့ မွန်လူမျိုးများ အခြေချနေထိုင်ရာ မွန်ပြည်နယ် (ရာမညတိုင်း) အတွင်း နေရာဒေသအသီးသီး၊ ရပ်ကွက် ကျေးရွာအသီးသီး၌ ဆွမ်းတော်တစ်ထောင် တင်လှူပူဇော်ပွဲ (သင်္ဘောဆွမ်းတော်ကြီးတင်ပွဲ) ကို နှစ်စဉ် တော်သလင်းလပြည့်နေ့ ကျရောက်တိုင်း ရိုးရာမပျက် တက်ကြွစွာ ဆင်ယင်ကျင်းပလျက် ပူဇော် ကုသိုလ်ပြုသည့် အစဉ်အလာမှာ ကြည်ညို လေးစားစွာဖြစ်၍ မျိုးရိုးအစဉ်အဆက် ဆက်လက် ထိန်းသိမ်းဖွယ်ရာ ဘာသာရေး အမွေအနှစ် တစ်ရပ်ပင် ဖြစ်ပါတော့သည်။

လည်ပတ်ရန်နေရာများ

မွန်ပြည်နယ်တွင် သွားရောက်လည်ပတ်သင့်သည့် မြို့များစွာရှိပါသည်။ ဗြိတိသျှလက်ထက်က မြို့တော်ဖြစ်ခဲ့သော မော်လမြိုင်မြို့သည် မြန်မာနိုင်ငံတွင် တတိယအကြီးဆုံးမြို့ဖြစ်ပါသည်။ အေဒီ ၈၇၅ တွင် တည်ထားခဲ့သော ကျိုက်သံလံဘုရားသည် မြို့၏ ထင်ရှားသော အထိမ်းအမှတ်တစ်ခု ဖြစ်ပါသည်။ နောက်ထပ်သွားရောက်လည်ပတ်သင့်သည့် သထုံမြို့သည် မြစ်နှစ်စင်းကြားတွင် တည်ရှိပြီး စိတ်ဝင်စားဖွယ်သမိုင်းကြောင်းနှင့်ပြည့်နေသော နန်းတော်အကြွင်းအကျန်များကို တွေ့မြင်နိုင်သည့် မြို့ဟောင်းတစ်ခုပင်ဖြစ်သည်။

စက်စဲကမ်းခြေသည် မြန်မာနိုင်ငံ၏ အလှပဆုံးသောကမ်းခြေများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး  မွန်ပြည်နယ်တွင် တည်ရှိသည်။ ယင်းသည် ဘင်္ဂလားပင်လယ်အော်ကို အပေါ်စီးမှကြည့်သကဲ့သို့ ကျယ်ဝန်းသော အညိုရောင်ကမ်းခြေတစ်ခုဖြစ်သည်။ မော်လမြိုင်မြို့မှ စက်စဲကမ်းခြေသို့ သွားရောက် မည်ဆိုပါက တစ်နာရီခွဲခန့် ကြာမြင့်သည်။ ကမ်းခြေသို့ နေ့ချင်းပြန်ခရီးဖြင့် သွားရောက်အပန်းဖြေ နိုင်သည်။

ကျယ်ပြန့်သော ကမ်းရိုးတန်းရှိသောကြောင့် မွန်ပြည်နယ်သည် ကမ်းခြေများသာမက ကျွန်း အများအပြားကိုလည်း မြင်တွေ့နိုင်သည်။ ထိုကျွန်းများသို့ လှေငှား၍ သွားရောက်လည်ပတ်နိုင်သည်။ ဘီလူးကျွန်းသည် မွန်ယဉ်ကျေးမှု၏ ဗဟိုအချက်အချာတစ်ခုဖြစ်ပြီး လည်ပတ်ရန် အဓိကနေရာများ ထဲမှ တစ်ခုဖြစ်သည်။ မွန်လူမျိုးများ နေထိုင်ကြသည့် ရွာပေါင်း ၆ဝ ခန့်ရှိပါသည်။ မော်လမြိုင်မြို့ နှင့်နီးသော အခြားသွားရောက်လည်ပတ်သင့်သည့်နေရာတစ်ခုမှာ ခေါင်းဆေးကျွန်းဖြစ်ပြီး ယင်းကျွန်း သည် နေ့တစ်နေ့ကိုအကောင်းဆုံး ဖြတ်သန်းရန် နေရာကောင်းတစ်ခုဖြစ်သည်။

သေမင်းတမာန်ရထားလမ်း

မော်လမြိုင်မြို့၏တောင်ဘက်၆၀ကီလိုမီတာအကွာတွင် တည်ရှိသည်။ အဆိုပါ မီးရထားလမ်းကို (၁၉၄၂-ခုနှစ်)နို၀င်ဘာလမှာ စတင်ဖောက်လုပ်ခဲ့ပြီး (၁၉၄၃-ခုနှစ်) အောက်တိုဘာလတွင် ပြီးဆုံးခဲ့ပြီး မြန်မာချွေးတပ်သား ရှစ်သောင်းကျော်နှင့် နိုင်ငံတကာသုံးပန့်၊ မဟာမိတ် တပ်သားတစ်သောင်းကျော် သေဆုံးခဲ့ရသည်။ လမ်းဖောက်ရာတွင် အစာရေစာမလုံလောက်ခြင်း၊ ရာသီဥတုကြမ်းတမ်းခြင်း၊ နှိပ်စက်ညှင်း ပမ်းခြင်းခံရတာကြောင့်မို့ အသက်ပေါင်းများစွာ စတေးခဲ့ကြရ၍ သေမင်းတမန်မီးရထားလမ်းဟုအမည်တွင်ခဲ့ခြင်းဖြစ်သည်။

မော်လမြိုင်မြို့

မော်လမြိုင်မြို့သည် မွန်ပြည်နယ် ၏ မြို့တော်ဖြစ်ပါသည်။ ဗြိတိန်အင်ပါယာ၏ ထင်ရှား ကျော်ကြားသော အတိတ်တွင်မြို့တော်လည်းပဲဖြစ်ခဲ့ပါသည်။ ကျော်ကြားသော စာပေအလုပ်များကြောင့်လည်း အထင်ကရ ဖြစ်ပါသည်။  မတူကွဲပြားသော ဗုဒ္ဓဘာသာကိုးကွယ်မှုများနှင့် ကိုလိုနီ ခေတ်ဗိသုကာလက်ရာများသည် ဆွဲဆောင်မှုဖြစ်စေပြီး ဒေသထွက်ကုန်များနှင့် ရိုးရာဓလေ့များ တွင် ပန်းချီများကိုရေးဆွဲထားခြင်းသည်လည်း ဆွဲဆောင်မှုအနေဖြင့် တွေ့မြင်နိုင်ပါသည်။ ကျိုက်သလန်ဘုရားကို အေဒီ၈၇၅ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး မော်လမြိုင်မြို့၏ အထင်ကရ နေရာဖြစ်ပါသည်။

စက်စဲကမ်းခြေ

မြန်မာနိုင်ငံ၏ ထင်ရှားသော ကမ်းခြေတစ်ခုဖြစ်ပါသည်။ ကျိုက်ခမီမြို့၏ တောင်ဘက်၂၄ ကီလိုမီတာအကွာ သံဖြူဇရပ်မြို့၏ အနောက်တောင်ဘက် ၁၆ကီလိုမီတာအကွာတွင် တည်ရှိပါသည်။ 

ဘီလူးကျွန်း

ဘီလူးကျွန်းသည် ကောင်းမွန်စွာထိန်းသိမ်းထားသော ထင်ရှားသည့် မွန်ယဉ်ကျေးမှုကို မြင်နိုင်ရန် လည်ပတ်သင့်သောကျွန်း ဖြစ်ပါသည်။ ဘေးပတ်လည်တွင် ရွာပေါင်း၆၀ တည်ရှိနေသောကြီးမားသည့် ကျွန်းတစ်ခုလည်းဖြစ်ပါသည်။ ကျွန်းပေါ်တွင် အဓိကအသက်မွေးဝမ်း ကျောင်းမှုသည် ရာဘာနှင့်လယ်စိုက်ခြင်းတို့ပင်ဖြစ်ပါသည်။ အိမ်တွင်းလက်မှုလုပ်ငန်းများ အတွက်လည်း အိမ်သဖွယ် ဖြစ်နေပါသည်။ လှေငယ်လေးဖြင့် ဘီလူးကျွန်းသို့ လည်ပတ်ခြင်းဖြင့် နွေးထွေးရင်းနှီးဖော်ရွေသော ဒေသခံလူမျိုးများနှင့် သဘာဝဇီဝမျိုးကွဲများကို လေ့လာခံစားနိုင် ပါသည်။

ခေါင်းဆေးကျွန်း

မော်လမြိုင်မြို့၏ အနောက်မြောက်ဘက်သို့ လှေစီးခရီးတိုလေးဖြင့် ခေါင်းဆေးကျွန်းသို့ ရောက်ရှိနိုင်ပါသည်။ အင်းဝခေတ်တွင် နှစ်စဉ်ခေါင်းဆေးမင်္ဂလာအခမ်းအနားကျင်းပခြင်းကို အစွဲပြု၍ ခေါင်းဆေးကျွန်းဟုခေါ်ဆိုခဲ့ကြပါသည်။ ယခုအခါပျော်ပွဲစားထွက်ရန် အကောင်းဆုံး နေရာတစ်ခုအဖြစ်သတ်မှတ်ထားကြသည်။ နိုင်ငံခြားသားများသည် ပျင်းရိစရာကောင်းသော နေ့တစ်နေ့ကို ၎င်း ကျွန်းပေါ်ရှိ သဘာဝတရားများဖြင့် ကျော်လွန်ဖြတ်သန်းနိုင်ပါသည်။

သထုံမြို့

သထုံသည် လွင်ပြင်များပေါ်တွင်တည်ရှိသော မွန်ပြည်နယ်အတွင်းရှိ မြို့တစ်မြို့ဖြစ်ပါသည်။
သထုံသည် ဘီစီ၄ရာစုမှ အေဒီ၁၁ရာစုခန့်တွင် သထုံနိုင်ငံတော်၏ မြို့တော်တစ်ခုဖြစ်ခဲ့ပြီး လွန်ခဲ့သော နှစ်ပေါင်း၂၅၀၀ခန့်က ထေရဝါဒဗုဒ္ဓသာသနာတော် စတင်ထွန်းကားခဲ့သည့် မြို့တော် ဟုလည်း ယူဆခဲ့ကြသည်။

Myanmar

ကချင်ပြည်နယ်