ချင်းပြည်နယ်

ချင်းပြည်နယ်

ချင်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်ဘက်ပိုင်းတွင် တည်ရှိပြီး မြို့တော်မှာ ဟားခါးမြို့ဖြစ်သည်။ အမြင့်ပေ ၃၀၅၃ မီတာ မြင့်၍ ခရီးသွားဧည့်သည်များနှင့် တောင်တက် ခရီးနှစ်သက်သည့် ခရီးသည်များကို ဆွဲဆောင်လျက်ရှိသည်။ ချင်းပြည်နယ်သည် ရခိုင် ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေး တိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့နှင့် နယ်နမိတ် ချင်း ထိစပ်လျက်ရှိသည်။ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များအတွက် ချင်းပြည်နယ်သို့သွား ရောက်ရန် အကောင်းဆုံးလမ်းမှာ ပုဂံမှ ချင်းပြည်နယ်၏ဝင်ပေါက် မင်းတပ်မြို့သို့ သွားခြင်း ဖြစ်သည်။ မင်းတပ်မြို့ကို ဧရာဝတီမြစ်ကြောင်း တစ်လျှောက် မော်တော်ဘုတ်စီး၍ ကမ္မ၊ ပေါက်နှင့် ကျောက်ထုမြို့တို့ကို ဖြတ်သန်းပြီး သွားရောက်နိုင်သည်။ ဝိတိုရိယတောင်(Mt. Victoria) သည် ချင်းပြည်နယ်၏ အမြင့်ဆုံးတောင်ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားဧည့်သည် များတောင်တက်ခြင်းကို ပျော်ရ်ွှင်ခံစားနိုင်ပါသည်။ တောင်စောင်းတစ်လျှောက်တွင် လမ်း များပြတ်တောက်နေပြီး လမ်းကြိုလမ်းကြားများက မျက်စိပသာဒဖြစ်စေသော ချင်းပြည်နယ် ၏ မြင်ကွင်းများနှင့်အတူ ခရီးသွားများကို ကူညီပေးလျက်ရှိသည်။

လူမျိုး

ချင်းလူမျိုးများသည် တိဗက်-မြန်မာ (Tibeto-Burma) အနွယ်ဝင် ဖြစ်ပြီး မြန်မာနိုင်ငံ၏ အနောက်ဘက် ကုန်းမြင့် တောင်တန်းဒေသများတွင် အများဆုံးနေထိုင်ကြသည်။ ချင်းပြည်နယ်သည် အရှေ့ဘက်တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ အရှေ့တောင်ဘက်တွင် မကွေးတိုင်းဒေသကြီးနှင့် တောင်ဘက်တွင် ရခိုင်ပြည်နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျှက် ရှိသည်။ လှပသည့် အသည်းပုံ ရိဒ်ရေကန်၊ ဝိတိုရိယတောင်သဘာဝဥယျာဉ်နှင့် သွေးနီရောင်အဆင်း တောင်ဇလပ်ပန်းတို့သည် ချင်းပြည်နယ်ကို ထင်ရှားစေသော အမှတ်အသားများ ဖြစ်ကြသည်။ ထင်ရှားသော ရိုးရာပွဲတော်တစ်ခုဖြစ်သည့် ခွာဒိုပွဲတော် (ကောက်သစ်စားပွဲ) ကို နှစ်စဉ် ကျင်းပလေ့ရှိ သည်။ ချင်းလူမျိုးတို့၏ လူသိများထင်ရှားသည့် ရိုးရာအကမှာ ဝါးညှပ်အကဖြစ်သည်။ ကပြသူများနှင့် ဝါးကိုင်သူ များအကြား စည်းချက်ညီညီ၊ အချိန်ကိုက် ဗုံသံနှင့် လိုက်လျောညီထွေစွာ ကပြရန် လိုအပ်ပေသည်။ ချင်း ပြည်နယ်မှထွက်သော ပန်းသီးသည် အနံ့အရသာနှင့် ပြည့်စုံသဖြင့် ကျော်ကြားလှပေသည်။

လူမျိုးစု

ချင်းလူမျိုး - ချင်းလူမျိုးများသည် ချင်းပြည်နယ်တွင် အများဆုံးနေထိုင်ကြသည်။ မြန်မာနိုင်ငံ၏ နောက်ဘက် ကုန်းမြင့်တောင်တန်းဒေသကြီးနှင့် ချင်းတောင်မြောင်ပိုင်း ဟားခါးနယ်များတွင် အများဆုံနေထိုင်ကြသည်။

မယ်တိုင် (ကသဲ)လူမျိုး - မြန်မာ့မင်းများလက်ထက်ကပင် မဏိပူရပြည်သားများ မြန်မာ့နိုင်ငံတွင်သို့ ရောက်ရှိ နေထိုင်လာခဲ့ကြသည်။ မြန်မာနိုင်ငံအတွင်း ကသည်းတို့နေထိုင် အချက်အချာဒေသမှာ မန္တလေး ဖြစ်သည်။

ဆလိုင်းလူမျိုး - သရက်ခရိုင်၊ ဧရာဝတီမြစ်အရှေ့နှင့် အနောက်ဘက်ကမ်းအတွင်းပိုင်းတွင် အများဆုံးနေ ထိုင်ကြသည်။

ကလင်ကောလူမျိုး(လူရှေ့) - စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်ရှိ ဘာဟန်းကျေးရွာအပါအဝင် ကျေးရွာ (၁၄) ရွာ ခန့်တွင်  နေထိုင်ကြသည်။

ခမီလူမျိုး - ဘူးသီးတောင်မြို့နယ်၊ မောတောမြို့နယ်နှင့် ကုလားတန်မြစ်ရိုးတစ်လျှောက်တွင် နေထိုင် ကြသည်။

ခေါင်စိုလူမျိုး - ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မီးချောင်းဒေသတစ်လျှောက် ပလက်ချောင်းနှင့် ပလက် ချောင်းဖျားတွင် နေထိုင်ကြသည်။

ငွန်းလူမျိုး - တိဗတ်မှပ္ပါး၊ ပုဂံသို့ ပြောင်းရွှေ့နေထိုင်ကြသည်။ ကဘော်ချိုင့်ဝှမ်းမှ ချင်းတောင်တန်းသို့ ငွန်းမျိုးနွယ် စုတချို့သည် ကောလ်နီးဒေသနှင့် ကျိမ်နွဲ့ဒေသသို့ ပြောင်းရွှေ့နေထိုင်ပါသည်။ နောက်ပိုင်းတွင် ချင်းပြည် နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့နယ်သို့ ထည့်သွင်းသတ်မှတ်ထားပါသည်။

ဇိုတုန် -  ဇိုတုန်တို့တွင် တောင်ပိုင်းချင်းများဖြစ်သည့်အလျောက် တောင်ပိုင်းချင်းပြည်နယ်၊ မတူပီ မြို့အနီး၌ အများအပြားနေထိုင်ကြသည်။ မြောင်ပိုင်းနှင့် ရခိုင်တောင်တန်းဒေသများ၊၌လည်း ဇိုတုန်တို့ကို အနည်းငယ်တွေ့ရ လေသည်။

ဇိုလူမျိုး - ခရစ်တော်မပေါ်မီကာလတွင် တရုတ်ပြည်မှထွက်ခွာလာခဲ့ပြီး ခရစ်တော်ပေါ်ပြီးသော အချိန်၌ ချင်းတွင်းမြစ်ရိုးတလျှာက်တွင် နေထိုင်နှင့်ကြပြီးဖြစ်ပါသည်။ တောင်တန်းဒေသသို့ ပြောင်းရွှေ့ နေထိုင်သွားကြသည့်အထဲမှ အချို့သည်လက်ရှိတီးတိန်မြို့နယ်၊ ဆိုင်းဇံကျေးရွာ အနီးတွင် ကျိမ်နွဲ့ရွာကိုတည် ကြပါသည်။ လက်ရှိတွင် တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ်၊ အိန္ဒိယပြည်မှ မဏိပူရပြည်နယ်နှင့် မီဇိုရမ် စသော နေရာများတွင်နေထိုင်ကြသည်။ တချို့က ဆွန်ထလားရွာအနီး လိုင်းလွန်းရွာ၊ တချို့ကမှု ဆွမ်းပွေးအရပ်၌ ဘူချွန်းရွာ တည်ကြကာ ထိုမှ မီးဇိုပြည်ဘက်သို့ ပြန့်နှံနေထိုင်ကြသည်။

တီးတိန်လူမျိုး - တီးတိန်မြို့နယ်အတွင်းရှိ လူမျိုးအုပ်စုတို့၏ ဘိုးဘေးတို့သည့် မူလ ရှေးကျောက်ခေတ် ဆီလောက်က ယင်းဂူကြီးထဲတွင် ခိုအောင်းနေထိုင်ခဲ့ကြရာမှ တဖြည်းဖြည်း လူဉီးရေ တိုးပွားလာသဖြင့် ယခုတီးတိန်မြို့နယ် အတွင်းသို့ လာရောက်နေထိုင်ခဲ့ကြသည်ဟု ဆိုသည်။

တေဇန်လူမျိုး - ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း နေထိုင်ကြသည်။

တိုင်ချွန်းလူမျိုး - တိုင်းချွန်းလူမျိုးအချို့တို့သည် ဖလမ်းမြို့အနောက်ဘက်တွင် ကလရွှန်းကို တည်ထောင်၍ နေထိုင် ကြသည်။ ကလရွှန်းရွာကိုဟားခါးချင်းများ ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် နှစ်ပေါင်းများစွာ ဟားခါးချင်းများ လက်​အောက်တွင် ရောက်ခဲ့ပြီးနောက် ယင်းတို့နှင့် စေ့စပ်ကျေးအေးကာ ဖလမ်းရွာကို တည်ထောင်နေ ထိုင်ကြသည်။

ဒိုင်(ယင်းဒူး)လူမျိုး - မြန်မာပြည်၏ အနောက်ပိုင်း၊ ချင်းပြည်နယ်၏ တောင်ပိုင်းမြို့နယ်များဖြစ်သည့် ကန်ပက်လက်၊ မင်းတပ်၊ မတူပီနှင့် ပလက်ဝဒေသများတွင် မှီတင်းနေထိုင်ကြသည်။

နာဂလူမျိုး - မြန်မာပြည်၏ အနောက်မြောက်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်များတွင် နေထိုင်ကြသည်။

ပနန်းလူမျိုး - ပနန်းလူမျိုးတို့သည် အရှေ့ဘက်မှ ခမီအမျိုးသားတို့နှင့်အတူ ဆင်းသက်လာကြသော အုပ်စုတစ်စု ဖြစ်သည်ဟုဆိုသည်။ ထို့နောက် ခမီတို့နှင့်ခွဲ၍ အနောက်မြောက်စူးစူးသို့ ထွက်သွား ကြရာ ကလင်ကော့ (လူရှေ) တို့နှင့် အိန္ဒိယနိုင်ငံထဲတွင်တွေ့၍  နှစ်ပေါင်းများစွာ အတူ နေထိုင်ခဲ့ကြသည်။ နောင်သောအခါ  ကလင်ကော့ (လူရှေ့) တို့နှင့် မသင့်မတင့်ဖြစ်၍ ကုလားတန် မြစ်ဖျားခံရာ အရပ်မှ တောင်ဘက်အရပ်သို့ ဆင်းသက်လာခဲ့ကြသည်။

မတူလူမျိုး - ၁၄ ရာစုခန့်တွင် ကလေး-ကဘောချိုင့်ဝှမ်း၊ ဂန့်ဂေါ-ထီးလင်းမှတဆင့် မြစ်သာမြစ်ကို အမှီပြု၍ ချင်းပြည်နယ်တောင်ပိုင်းသို့  ရောက်ရှိခဲ့သည်။  မတူပီမြို့နယ်တွင် အများဆုံးနေ ထိုင်ကြသည်။

မိရမ်(မရာ)လူမျိုး - အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့် မြန်မာနိုင်ငံ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မြောက် ပိုင်း၊ မတူပီမြို့နယ် အနောက်ဘက်၊ အိန္ဒိယနယ်စပ်တို့တွင် ၁၅ ရာစုနှောင်းပိုင်းမှစ၍ ပြန့်နှံ့ နေထိုင်ကြသည်။ အေဒီ ၁၃ ရာစု အလယ်ခန့်တွင် ချင်းတောင်တန်းသို့ စတင်အခြေချ နေထိုင် ခဲ့ကြသည်ဟု ခန့်မှန်းရသည်။

မွင်းလူမျိုး - မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်နှင့် ထီးလင်းမြို့နယ်တို့တွင် နေထိုင်ကြသည်။

လေးမြို့လူမျိုး - လေးမြို့တိုက်နယ်အတွင်းရှိ ချင်းမျိုးနွယ်စုများကို လေးမြို့ချင်းဟု ခေါ်ကြသည်။ အထက် လေးမြို့တိုက်နယ်တွင် ယဲ၊ ခူနှင့်  ဟန်တို့ပါဝင်သော မရာချင်းတို့ ရှိသည်။ အောက်လေးမြို့ တိုက်နယ်တွင် မင်းအုံနှင့် လိုင်ချင်းတို့ပါဝင်သော လေးတူချင်းတို့ နေထိုင်ကြသည်။

ဟွာလ်ငိုလူမျိုး - ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဆုမ်ပွီးရွာမှတဆင့် မူးစိပ်တောင်ခြေ ဆေးပွီးအရပ်၌ ရွာတည်ပြီး ၎င်းရွာတွင် ယနေ့တိုင်နေထိုင်လျက်ရှိပါသည်။ ယခုအခါ ကျေးရွာပေါင်း ၅၈ ရွာ အထိ တိုးတက်တည်ဆောက်ကြပါသည်။ အချို့သောရွာသားများသည် စစ်ကိုင်းတိုင်း၊ ကလေးခရိုင်သို့ အစုလိုက်ပြောင်းရွှေ့နေထိုင်ကြပါသည်။ ယခုအခါ မြန်မာနိုင်ငံ အနှံ့အပြား တွင် ပြန့်နှံ့နေထိုင်လျက် ရှိပါသည်။

အနူးလူမျိုး - အနူးလူမျိုးတို့သည် ပလက်ဝနယ်တွင် ခမီလူမျိုးတို့နှင့် ရောနှောနေထိုင်ကြသည့် လူမျိုးများဖြစ်သည်။

အရှိုချင်းလူမျိုး(မြေပြန့်) - မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ် တို့တွင် ပြန့်နှံ့နေထိုင်ကြသည်။

ဘာသာစကားနှင့် စာပေ

ဒေသအလိုက် လူမျိုးများ ကွဲနေလင့်ကစား အသုံးပြုသည့် စကားတွင် ကွဲလွဲမှုများစွာ မရှိလှသော်လည်း ဒေသန္တရအသုံးအနှုန်းနှင့် လေယူလေသိမ်းများကား သိသာစွာ ကွဲလွဲသည်။ ချင်း ဘာသာစကားများကို ပြောရာတွင် ဒေသအလိုက် တောင်ပိုင်းချင်း၊ မြောက်ပိုင်းချင်း၊ ဖလမ်း၊ တီးတိန်၊ ပလက်ဝ၊ မင်းတပ်၊ မတူပီ စသည်ဖြင့် ကွဲလွဲမှုရှိသည်။ မြေပြန့်ချင်းခေါ် ဆလိုင်းချင်း တို့သည် မင်းဘူး၊ စေတုတ္တရာ အနောက်ဘက်ကြော၊ ၎င်းမှ ပြည်နှင့် ကြို့ပင်ကောက် တဝိုက်ထိ နေထိုင်၍ စကားပြောဆိုမှု ကွဲလွဲလာခဲ့ကြသည်။

ဝတ်စားဆင်ယင်မှု

ခေါင်သည့် ဒေသများတွင် ယောက်ျား၊ မိန်းမအားလုံး ဆံပင်ရှည်ထားကြ၍ ဘောင်းဘီတိုနှင့် ချည်လုံချည်နှင့် သင်တိုင်းကဲ့သို့ ကိုယ်စွပ်ရှည် အင်္ကျီများကို ဝတ်၍ စောင်ကို တစောင်း ရစ်ပတ်ခြုံကြသည်။ အမျိုးသမီးများကမူ ဂျပ်ခုတ်ထမီရင်ကွဲ၊ ဂျပ်ခုတ်အင်္ကျီနှင့် စောင်ခြုံကြသည်။ ခေတ်မီ၍ ပညာတတ်များလာသည့်အလျောက် ဘောင်းဘီရှည်နှင့် အင်္ကျီတို့ကိုဝတ်လာကြပြီး အခမ်းအနားများတွင် ဓလေ့ထုံးစံအရ သင်တိုင်းရှည်များကိုပါ ဝတ်ဆင်တက်ရောက်ကြသည်။ ဂျပ်ခုတ်ထည်များကို အပြောက်အမွမ်းများနှင့် ရက်လုပ်ဝတ်ဆင်ကြသည်။

ဘာသာကိုးကွယ်မှု

ကိုးကွယ်သည့် ဘာသာများမှာ-

(က) နတ်ကိုးကွယ်ခြင်း၊

( ခ ) ပေါင်ကျင်ဟောင် ဘာသာကိုးကွယ်ခြင်း၊

( ဂ ) ခရစ်ယာန်ဘာသာ၊

(ဃ) ဗုဒ္ဓဘာသာ ကိုးကွယ်မှုများဖြစ်သည်။

နတ်ကိုးကွယ်ခြင်းနှင့် ဗုဒ္ဓဘာသာကိုးကွယ်မှုသည် အစဉ်အလာ ရင်းမြစ် ဖြစ်၍ ပေါင်ကျင်ဟောင် ယဇ်နတ်ပူဇော်ခြင်း၊ ပကာသနဆန်သော လူမှုရေးပွဲလမ်းတို့ကို ဆန့်ကျင်သည်။ ခရစ်ယာန်ကိုးကွယ်မှုတွင်လည်း ဘရင်ဂျီဘာသာဝင် အမေရိကန် ဘတ်ပတစ်နှင့် အင်္ဂလန် မတ်သဒစ် စသည်ဖြင့် ဂိုဏ်းကွဲမှုများလည်း ရှိသည်။ ခရစ်ယာန်ဘာသာကိုးကွယ်မှု များ၍ တောင်ပိုင်း၊ မြောက်ပိုင်းဒေသတွင် ဗုဒ္ဓဘာသာ ကိုးကွယ်မှုများ ရှိသည်။

အုပ်ချုပ်မှုအစဉ်အလာ

ရှေးယခင်ကမူ ရပ်ရွာလူကြီးများရှိ၍ ၎င်းတို့နှင့် တွဲဘက်၍ အုပ်ချုပ်ရန် ကျေးရွာ လူကြီး သုံးလေးယောက်ခန့် ရှိကြသည်။ ကျေးရွာလူကြီးများအပေါ်တွင် တိုက်နယ်လူကြီးများ ရှိသည်။ ၎င်းကို အုပ်ပီးဟူ၍ လည်းကောင်း၊ မီးအုပ်ဟူ၍ လည်းကောင်း၊ လူကြီးဟူ၍ လည်းကောင်း ဒေသအလိုက် ခေါ်ဝေါ်ကြသည်။ လူကြီး၊ အုပ်ပီးများကို သားစဉ်မြေးဆက် ဆက်ခံနိုင်သည်။ ယခုအခါတွင် ခရိုင်၊ မြို့ရွာ၊ ကျေးရွာ ခွဲခြား၍ လုံခြုံရေးနှင့် အုပ်ချုပ်မှု​ကော်မတီများ ဖွဲ့စည်း၍ အုပ်ချုပ်ကြသည်။ ရိုးရာ ဥပဒေများလည်းရှိ၍ လိုက်နာ ကျင့်ကြံ နေထိုင်ကြသည်။

ယဉ်ကျေးမှု

အိမ်ထောင်စုတွင် ဖခင်က ရှေ့ဆောင် ဦးစီးပြီး မယား၊ သားသမီးတို့နှင့် အစစ တိုင်ပင်လေ့ ရှိသည်။ ကြီးစဉ်ငယ်လိုက် ရိုသေလေးစားမှု ရှိသည်။ ချင်းတိုင်းရင်းသားတို့တွင် အရေးပါသော နတ်ပွဲ ၂ ရပ် ရှိသည်။ စိုက်ပျိုးရေးအောင်မြင်ရန်နှင့် ကျန်းမာရေးကောင်းမွန်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်သည်။ ရွာများတွင် ရှန်ပိန်ခေါ် နတ်ဆရာ ၂ ဦးမှ ၅ ဦးအထိ ရှိတတ်၍ ယဇ်ပူဇော်မှုနှင့် နတ်ပူဇော်မှုတို့ကို ဦးဆောင်ပြုလုပ်သည်။ ယဇ်ပူဇော်မှုနှင့် လူမှုရေးဆိုင်ရာပွဲတို့တွင် နွားနောက်ကို အသုံးပြု၍ မတတ်နိုင်သူများက ကျွဲ၊ နွား၊ ကြက်၊ ဝက် စသည်တို့ကို တတ်နိုင်သလို အသုံးပြုကြသည်။ ရိုးရာဓလေ့ပွဲတော်များအဖြစ် မိုးကြိုးပွဲ၊ ကောက်ပဲသီးနှံအထွက်ကောင်းရန် ပွဲများ၊ ကောက်သစ်စားပွဲများ၊ အိမ်တက်ပွဲ၊ ခေါင်ပွဲ၊ နှစ်သစ်ကူးပွဲ စသည်ဖြင့် ၁၂ ရာသီပွဲများကို ကျင်းပကြသည်။ အတိတ်နိမိတ်များကို ယုံကြည်တတ်ကြပြီး ၎င်းနှင့် ပတ်သက်၍ ဒေသအလိုက် အတိတ်နိမိတ် အမျိုးမျိုးနှင့် ဆင်ခြင်ရသည့် ထုံးစံ အမျိုးမျိုးရှိသည်။

ခွာဒိုပွဲတော်

ခွာဒိုပွဲတော်သည် ချင်းလူမျိုးများ၏ အရေးအကြီးဆုံးနှင့် အခမ်းအနားဆုံး ပွဲတော် ဖြစ်သည်။ ချင်းလူမျိုးတို့၏ ဓလေ့ထုံးစံအရ ရှေးကတည်းကပင် ကျင်းပခဲ့သည့် ပွဲတော် တစ်ခု ဖြစ်သည်ဟု ဆိုသည်။ ချင်းလူမျိုးများ တောင်ပေါ်ဒေသကို ကျိမ်နွဲ (Cimmnual) ဒေသသို့ စတင် ပြောင်းရွှေ့ပြီး အခြေချခဲ့သည့် AD- ၁၄ ရာစုခန့်မှ စ၍ ခွာဒိုပွဲတော်ကို ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့သည်ကို သမိုင်း အထောက်အထားများနှင့် ရိုးရာတေးသီချင်း အထောက်အထားများအရ သိရှိနိုင်သည်။

တစ်နှစ်တာ တောင်ယာလုပ်ငန်း ပြီးဆုံး အောင်မြင်မှုအတွက် အောင်ပွဲခံသည့် ပွဲတော် ဖြစ်ပါသည်။ ရွာသူရွာသားများ ကျန်းမာ ပျော်ရွှင်ရေးနှင့် အနာရောဂါ ကင်းဝေးစေရန်၊ လာမည့် နှစ်သစ်တွင် ရာသီဥတု မှန်ကန် ကောင်းမွန်၍ တောင်ယာသီးနှံများ အောင်မြင် ဖြစ်ထွန်းစေရန် တိုင်းပြည် အေးချမ်းသာယာရေးနှင့် ချစ်ခင်ရင်းနှီးမှု ရရှိစေရန် ရည်ရွယ်လျက် နတ်ဆိုးများကို နှင်ထုတ်ခြင်း၊ နတ်ကောင်းနတ်မြတ်များ ပူဇော်ပသခြင်း၊ ဆုတောင်းခြင်းများ ပြုလုပ်ရန် ခွာဒို ပွဲတော်ကို ကျင်းပရခြင်း ဖြစ်သည်။

ရှေးအခါက ချင်းလူမျိုးများသည် စကြာဝဠာကြီးကို ဘုံ ၃ ဆင့်ဖြင့် ဖွဲ့စည်း တည်ဆောက်ထားသည်ဟု ယူဆလျက် ခွာဒို (Khuado) ဟု ခေါ်သည့် လူ့ကမ္ဘာ လူ့ရွာကို တန်ခိုးရှင်များနှင့် ကွယ်လွန်သူ ဘိုးဘေးများ၏ ဝိညာဉ်များက စောင့်ရှောက်သည်ဟု ယုံကြည်ထားခဲ့ကြသည်။ ဒို (do) ၏ အဓိပ္ပာယ်မှာ ၂ မျိုး ရှိ၍ ပထမ အဓိပ္ပာယ်မှာ တစ်ဦးနှင့်တစ်ဦး ဖော်ရွေ ပျူငှာစွာ ဧည့်ဝတ်ပြုခြင်း၊ ကျွေးမွေးဧည့်ခံခြင်း ဖြစ်ပြီး ဒုတိယ အနက်အဓိပ္ပာယ်မှာ တိုက်ခိုက်ခြင်း၊ နှင်ထုတ်ခြင်း၊ ချေမှုန်းခြင်းဟု အဓိပ္ပာယ်ရသည်ဟု ဆိုကြသည်။

ထို့ကြောင့် ခွာဒိုပွဲတော်၏ ဆိုလိုရင်း အဓိပ္ပာယ်မှာ ဘေးဒုက္ခ ပေးတတ်သော နတ်ဆိုးများကို နှင်ထုတ်၍ ရပ်ရွာကို သန့်ရှင်းစေခြင်း၊ ရွာသားများ၏ ကျန်းမာရေး စီးပွားရေး တိုးတက်စေရန်အတွက် နတ်ကောင်းနတ်မြတ်များကို ပူဇော်ပသခြင်းနှင့် ကွယ်လွန်သူ ဘိုးဘေးများ၏ ဝိညာဉ်များနှင့် ဆွေမျိုးများအတွက် ဆုတောင်းပွဲကြီးကို ကျင်းပခြင်း ဖြစ်ရာ ရိုးရာဓလေ့ ထုံးစံအရ အမွန်မြတ်ဆုံး ပွဲတော်ကြီး ဖြစ်၍ တစ်ရွာလုံး၊ တစ်မျိုးလုံး အတီးအမှုတ် အကအခုန်များဖြင့် စုပေါင်း ကျင်းပလေ့ ရှိကြသည်။

 

သွားရောက်လည်ပတ်နိုင်သည့် အထင်ကရနေရာများ

 

ရိဒ်ရေကန်

ဘုံတလာရေတံခွန်

နတ်မတောင်အမျိုးသားဥယျာဉ်

မြောက်ယာဉ်စွန်းတန်းဖြတ်သန်းလာမှုအခြေအနေ

လဲင်းနူးပါကြည်နူးဖွယ်လွင်ပြင်ဒေသ တောင်ထိပ်ရူခင်း

ဆွောင်းဆွောင်(Suang Suang)ကျောက်ဆောင်

ကနေဒီ(သီရိဥတ္တမတောင်)

လင်သဲမြေအိုး

မွာလ်ဆွောင်း(ခေါ်)မော်ကွန်းကမ္ဗည်းကျောက်တိုင်များ

 
ရှာလ်လုမ်းခံတပ်

 

ရိဒ်ရေကန်

  ရိဒ်ရေကန်သည် အိန္ဒိယနယ်စပ် ရိဒ်ခေါရ်မြို့အနီးတွင် တည်ရှိသည်။ တီးတိန်မြို့မှ (၃၃)မိုင် ဝေးပြီး ဖလမ်းမြို့မှ (၆၄)မိုင်ဝေးသည်။ အနောက်ဖက်တွင် အိန္ဒိယနိုင်ငံ ကျင်းဖိုင်မြို့ရှိသည်။ ရိဒ်ရေကန်၏ ထူးခြားချက်မှာ နှစ်စဉ် ဒီဇင်ဘာလတွင် ရေနောက်ကျိလာခြင်းတို့ဖြစ်သည်။ ကန်ရေနောက်ကျိလာခြင်းသည် ကန်စောင့်နတ်ကြီး၏ ရေကစားမှုကြောင့် ဖြစ်သည်ဟု ယုံကြည်ကြသည်။ ရိဒ်ခေါဒါရ်ရွာကိုလည်း မြို့အဖြစ် တိုးမြှင့်ပေးခဲ့ပြီး အစိုးရရုံး များဖွင့်လှစ်ခဲ့သည်။

ဘုံတလာရေတံခွန်

ဘုံတလာရေတံခွန်သည် ချင်းပြည်နယ်၊ မတူပီမြို့၊ ဖနိုင်ကျေးရွာအုပ်စု၊ ထီစောင်းရွာအနီးမြောက်ဘက်အရပ် တွင် တည်ရှိပြီး ပေပေါင်း(၄၂၀၀)ကျော် အမြင့်ရှိသည့် ထင်ရှားသော ရေတံခွန်ဖြစ်သည် ရေတံခွန်သည် မူလ အဆင့်(၇)ဆင့် ရှိသည်။ အဝေးမှ နေ၍ အပေါ်ဆုံးအဆင့် (၃)ဆင့်ကို မြင်နေရပြီး ရေအများဆုံးအခန်းတွင် ရေစီးလုံးပတ်ပေ(၃၀)မှ ပေ(၄၀)အထိရှိသည်။

မတူပီမြို့မှ ဖနိုင်းအထိ(၅)မိုင်၊ ဖနိုင်းမှ ထီစောင်းအထိ(၁၁)မိုင်ခန့် အတက်အဆင်းဖြစ်သည်။ ဖနိုင်းမှ (၈)မိုင်ဆင်းပြီးနောက် ဘုံတလာချောင်းကို (၂)ကြိမ် ဖြတ်ရပြီးနောက် တောင်ကြားမြေပြန့်ကိုရောက်သည်။ ချောင်းဖြတ်(၂)ခုကြား၌ ဘုံတလာရေးအားလျှပ်စစ်စက်ရုံရှိသည်။ ဒုတိယချောင်းကို ဖြတ်ပြီးနောက် (၃)မိုင်ခန့် ဘက်ရပါက ထီစောင်းရွာသို့ရောက်သည်။ ထီစောင်းနှင့် ဘုံတလာမှာ (၃)မိုင်ခန့်ဝေးသည်။ ထီစောင်းမှ (၁)မိုင်ကျော်ခန့် ကားသွားနိုင်ပြီး ထိုမှတဆင့် တစ်မိုင်ခန့်လမ်းအတိုင်း ခြေလျင်သွားရသည်။

ဘုံတလာဆိုသည်မှာ ဒေသခံမတူပီမြို့တို့က (Bungtla)ဟု ခေါ်ဆိုကြသည်။ ဘုံဆိုသည်မှာလဲသည်၊ တလာဆိုသည်မှာ ကျသည်ဟု အနက်ရသည်။ လဲကျသည်၊ ထိုးဆင်းသည်ဟု အနက်ရသည်။ ဘုံတလာ ရေတံခွန် အနီးဝန်းကျင်ရှိ ထီစောင်းကျေးရွာတွင် မတူမျိုးနွယ်စုများနေထိုင်ကြသည်။

နတ်မတောင်အမျိုးသားဥယျာဉ်

              နတ်မတောင်အမျိုးသားဥယျာဉ်အား ၁၉၉၇ ခုနှစ်၊ ဇူလိုင်(၂၃)ရက်နေ့ နေ့စွဲပါအမိန့်ကြော်ငြာစာအမှတ် (၆၀/၉၇) ဖြင့် အမျိုးသားဥယျာဉ်အဖြစ် ရည်ရွယ်ကြောင်း ကြော်ငြာခဲ့ပြီး ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလ(၂)ရက်နေ့တွင် အမိန်ကြော်ငြာစာအမှတ် (၁၆၄/၂၀၁၀) ဖြင့် အတည်ပြုသတ်မှတ်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ(၂၀) ရက်နေ့တွင် အာဆီယံအမွေအနှစ်ဒေသအဖြစ် တိုးမြှင့်သတ်မှတ်ထားပြီး ၂၀၁၃ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဥယျာဉ်အဖြစ် ဦးစားပေးအဆင့်(၁)တွင် အဆိုပြုသတ်မှတ်ထားသော ဥယျာဉ်တစ်ခုလည်းဖြစ်ပါသည်။

          နတ်မတောင်အမျိုးသာဥယျာဉ်သည် တောင်ကုန်းတောင်တန်းများထူထပ်​ပြီး နတ်မတောင်(ဝိတိုရိယ)ခေါ် နူးစုမ်းတောင် ပင်လယ်ရေမျက်နှာပြင်အထက်(၁၀၂၀၀) ပေတည်ရှိရာ ဒေသဖြစ်ပါသည်။ နတ်မတောင် အမျိုးသားဥယျာဉ်၏ အကျယ်အဝန်းမှာ (၁၇၈၅၆၀)ဧက (၂၇၉)စတုရန်းမိုင်ရှိသည်။ နတ်မတောင် အမျိုးသား ဥယျာဉ် သဘာ၀ထိန်းသိမ်းရေးနယ်မြေသည် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ် အတွင်း ရှိပြီး အရှေ့တောင်အာရှတွင် အမြင့်ဆုံမြေသားတောင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော သဘာ၀အခြေခံခရီးသွားလုပ်ငန်းအတွက် ဝင်ရောက်လေ့လာကြည့်ရှုနိုင်သည့် သဘာ၀နယ်မြေမျး(၂၁)ခုတွင် (၁)ခုအပါအဝင် ဖြစ်ပါသည်။

မြောက်ယာဉ်စွန်းတန်းဖြတ်သန်းလာမှုအခြေအနေ

တီးတိန် - တွန်းဇန်ကားလမ်း မိုင်တိုင်အမှတ် (၂၇/၂၂) ခန့်မှန်းမြေပုံညွှန်း EA - 553997 တီးတိန်လမ်း အပိုင်းတွင် မြောက်လတ္တီတွဒ် ၂၃ ၂/၁ ဒီဂရီဖြတ်သန်းလာသည်။ မဏိပူရမြစ်ဘေးနှင့် တီးတိန်-တွန်းဇန်ကားလမ်း ဘေးအကြားတွင် ဖြတ်သန်းပြီး လမ်းဦးစီးဌာနမှ ၎င်းနေရာတွင် အမှတ်တရကျောက်တိုင်စိုက်ထူထားပါသည်။ မြန်မာနိုင်ငံတွင် မြောက်ယာဉ်စွန်းတန်းသည် တီးတိန်မြို့နယ်အပြင် တကောင်းမြို့၊ ကွတ်ခိုင်မြို့တို့ကိုလည်း ဖြတ်သန်းလျက်ရှိကြောင်း သိရှိရပါသည်။

လဲင်းနူးပါကြည်နူးဖွယ်လွင်ပြင်ဒေသ တောင်ထိပ်ရူခင်း

တီးတိန်မြို့နယ်၊ ကပ်တဲလ်ကျေးရွာမှ (၈)မိုင်(၂)ဖာလုံခန့်ကွာဝေးသော နေရာတွင် ကြည်နူးဖွယ်ကောင်းသော တောတောင်ထူထပ်သည့် တောင်ထိပ်ပေါ်တွင် လဲင်နူးပါ(Lennupa)ခေါ် ဘွင်နှဲလ်(Buannel) တောင်ထိပ်ရှုခင်း ရှိပါသည်။ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်စစ်တပ်မှ ချင်းပြည်နယ်သိမ်းပိုက်သည့်အချိန် ၁၉၄၄ ခုနှစ်တွင် တီးတိန်ဝန်ထောက် NW Kelly OBE နှင့် ယခင်ချင်းပြည်နယ်မင်းကြီး ဦးထောင်းကျင့်ထန်တို့ ခေတ္တနေထိုင်သော ရှုခင်းဖြစ်ပါသည်။ လဲင်နူးပါကြည်နူးဖွယ်လွင်ပြင်တွင် ပေါင်းပင်၊ ကြိုးပင်များနှင့် ပန်းအမျိုးမျိုးတို့ ပေါက်ရောက်ပြီး ရူခင်းပတ်ဝန်းကျင်တွင်လည်း တောင်ဇလပ်နီ၊ တောင်ဇလပ်ဖြူများ ဖူးပွင့်လျက်ရှိပါသည်။ ၎င်းလွင်ပြင်၏ အလယ်တွင် စိမ့်စမ်းရေစီးချောင်းသည် ကွေ့ကောက်လှပစွာ စီးဆင်းလျက်ရှိပြီး ၎င်းစိမ့်စမ်းရေစီးချောင်းကို ဖြောင့်တန်းစွာစီးဆင်းရန် ပြုပြင်သော်လည်း မူလရေစီးကြောင်းအတိုင်း ကွေ့ကောက်စွာ စီးဆင်းမြဲစီးဆင်းနေသည်ဟု သိရှိရပါသည်။

ဆွောင်းဆွောင်(Suang Suang)ကျောက်ဆောင်၏ နောက်ခံသမိုင်းအကျဉ်း

        တီးတိန်မြို့(၉)မိုင်ခန့်အကွာ ဒွန်လွီး(Dawn Lui)၊ ဘဲလ်တန်လွီး(Bel Tang Lui)နှင့် ဇလွီး(Za Lui)ချောင်းတို့ဆုံရာ ဒေသ အရှေ့မြောက်ဘက်၌ တည်ရှိပါသည်။ ဆွောင်းဆောင်း(Suang Suang)ကျောက်ဆောင်၏ အဓိပ္ပါယ်မှာ ဆွောင်း(Suang)ကို ကျောက်၊ ဆွောင်(Suang)ကိုထပ်၊ ကျောက်များထပ်နေသည့် ကျောက်ဆောင်ဟု ခေါ်ဝေါ်ခြင်းဖြစ်ပါသည်။ ဆွောင်းဆွောင်(Suang Suang) ကျောက်ဆောင်၏ အောက်ခြေအကျယ်အဝန်းမှာ (၄)ဧကခန့်ကျယ်ဝန်းပြီး အမြင့်သည် ခန့်မှန်း(၈၀၀)ပေခန့်ရှိကာ ထိပ်ပိုင်းအကျယ်အဝန်းမှာ လူအယောက်(၂၀)ခန့် ထိုင်၍ ရနိုင်ပါသဖြင့် (၂၀)ပေပတ်လည်ခန့် ကျယ်ဝန်းမည် ဖြစ်ပါသည်။

              ဆွောင်းဆွောင်(Suang Suang)ကျောက်ဆောင်၏ ထူးခြားချက်မှာ ကျောက်ဆောင်ကြီး၏အပေါ်တွင် ကျောက်စည်ကြီး ရှိခြင်းပင်ဖြစ်ပါသည်။ ၎င်းကျောက်စည်ကြီးကို လက်ဖြင့်ထုမည်ဆိုပါက ကျောက်စည်ကြီးသည် ဗုံစည်သံကဲ့သို့ အသံမြည်သွားပါသည်။

ကနေဒီ(သီရိဥတ္တမတောင်)၏ ဒေသဆိုင်ရာအချက်အလက်

တီးတိန်မြို့နယ်၊ လိုင်ဘုန်ကျေးရွာအုပ်စု၊ တီးတိန် - သိုင်းငင်းကြား ကားလမ်းပေါ်ရှိ ဆူဇန်ကျေးရွာအထက် ခန့်မှန်း မြေပုံညွှန်း EA- 787743 တွင် တည်ရှိပါသည်။ တီးတိန် - ကလေးကားလမ်း မိုင်တိုင်(၇ / ၃) မှ (၁၅/၀) ကြားတွင်ရှိ၍ ဧရိယာဧက (၁၁၀၅၀)ကျယ်ဝန်းပြီး (၈၈၇၁)ပေ မြင့်ပါသည်။ မြောက်ဘက်နှင့် အရှေ့ဘက်တွင် လေသာကြိုးပြင်ကာကွယ်တော၊ တောင်ဘက်နှင့် အနောက်ဘက်တွင် သိုင်းငင်း - တီးတိန်ကားလမ်းရှိပါသည်။ ဒုတိယကမ္ဘာစစ်ကြီးတွင် မဟာမိတ်တပ်ဖွဲ့၏ အမြင့်ဆုံးတပ်စခန်း(The most Highest Gunpost) အဖြစ် သတ်မှတ်ခြင်းခံရသော နေရာ ဖြစ်ပါသည်။ ၎င်းတောင်ကို ဒေသအခေါ်အဝေါ်အားဖြင့် ထွမ်း၀ုမ်း(Thuam Vum)  တောင်ဟုခေါ်ပါသည်။ ၎င်းတောင်ပေါ်တွင် ဉာဏ်တော်အမြင့် (၂၇)တောင်၊ ပရ၀ုဏ်(၀.၆၀)ဧက ကျယ်ဝန်းသော လေးကျွန်းဆီမီး ဆုတောင်းပြည့်စေတီတော်ကို ကိုးကွယ်တည်းထားပါသည်။ ထွမ်း၀ုမ်းတောင်ခေါ် ကနေဒီတောင်ပေါ်တွင် နှစ်စဉ် ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် အအေးဓါတ် လွန်ကဲ၍ (-8 ‘C) အထိ အပူချိန်ကျဆင်းတတ်ပါသည်။

လင်သဲမြေအိုး

         ချင်းပြည်နယ်အတွင်း အထင်ရှားဆုံးမြေအိုးလုပ်ငန်းမှာ ဖလမ်းမြို့နယ်ရှိ လင်သဲရွာတွင် ပြုလုပ်ထားသော အိုးများကို ရွာအမည်အစွဲပြု၍ လင်သဲအိုးဟုခေါ်ကြသည်။ မြေအိုးပြုလုပ်ရာတွင် ခါရ်ဘုန်းခေါ် မြေတစ်မျိုးကို အသုံးပြုသည်။ ၎င်းမြေကို အနက်(၅)ပေခန့်မှ ရယူသည်။ ၎င်းမြေကို (၈)ပေအနက်မှ တူးသော ကျောက်ပျော့နှင့် (၂း ၁)ဖြင့် ရောပြီး ဆုံတွင် အမှုန့်ဖြစ်သွားသည်အထိ ထောင်းကြိတ်ပေးရသည်။ မြေအိုးကို ပုံစံ သွင်းပြီးသည့်အါ နေပူတွင် အခြောက်လှမ်းပြီး အိုးကျက်သွားသည့်အထိ မီးဖုတ်ရသည်။ မြေအိုးတစ်လုံးပြုလုပ် ရန် မြေကြီးယူ၍ အမှုန့်ထောင်းကြိတ်ချိန်မှ မီးဖုတ်၍ ကျတ်အောင် ပြုလုပ်ပြီးစီးချိန်အထိ (၄)ရက်ကြာသည်။ မြေအိုးပြုလုပ်ရာ လင်သဲကျေးရွာသည် ဖလမ်းမြို့၏ အရှေ့မြောက်ဘက်(၉)မိုင်ခန့်အကွာတွင် တည်ရှိသည်။

မွာလ်ဆွောင်း(ခေါ်)မော်ကွန်းကမ္ဗည်းကျောက်တိုင်များ

         ချင်းလူမျိုးတို့တွင် မွာလ်ဆွောင်းခေါ် မော်ကွန်းကမ္ဗည်းကျောက်တိုင်များကို ရွာအဝင်အထွက် အကွက်အကွင်း ကောင်းသည့် လမ်းနံဘေး၊ သဘာ၀ရှု့ခင်းကောင်းသည့် နေရာများတွင် စိုက်ထူလေ့ရှိသည်။ မော်ကွန်းကမ္ဗည်း ကျောက်စာရေးထိုးရာတွင် စာပေမပေးခင်ကပင် အရုပ်များဖြင့် ရေးထိုးခဲ့ကြသည်။ စာပေပေါ်လာပြီး စာတတ်မြောက်လာသည့်အခါ ကမ္ပည်းကျောက်စာတွင် အရုပ်နှင့် စာပေများတွဲ၍ ရေးဆွဲလာခဲ့သည်။ ယခုနောက်ပိုင်းတွင် အရုပ်အားဖြင့် ရေးဆွဲမှတ်တမ်းတင်ခြင်းမရှိတော့ဘဲ ချင်းစာပေ၊ မြန်မာစာပေ၊ အင်္ဂလိပ်စာပေတို့ဖြင့် ရေးသားလာကြသည်ကို တွေ့ရှိရသည်။

ရှာလ်လုမ်းခံတပ်(Sial- Lum Stockade)

          ဗြိတိသျှတို့က နယူးတာတန်(New Tarton)ဟုခေါ်သော ရှာလ်လုမ်းခံတပ်တိုက်ပွဲသည် နယ်ချဲ့ဆန့်ကျင်ရေး သမိုင်းတွင် အထင်ရှားဆုံသမိုင်ဝင်ခံတပ်ကြီးဖြစ်သည်။ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။ နောက်ဆုံး ခံတပ် တိုက်ပွဲလည်း ဖြစ်သည်။

          ရှာလ်လုမ်းခံတပ်တိုက်ပွဲကြောင့် ဗိုလ်မှူးဆရာဝန်လေကွေးသည် အင်္ဂလန်နိုင်ငံ၏ အမြင့်ဆုံသူရဲကောင်းဘွဲ့ တံဆိပ်ဖြစ်သော ဗွီစီ (V.C) ဘွဲ့ချီးမြှင့်ခြင်းခံရလေသည်။ ၎င်းဘွဲ့ချီးမြှင့်ခြင်းသည် ချင်းတိုင်းရင်းသားတို့၏ စစ်ရေး စစ်ရာ ကျွမ်းကျင်မှု၊ ရဲစွမ်းသတ္တိရှိမှုနှင့် တိုက်ခိုက်မှုစွမ်းရည်မည်မျှ ထက်မြက်ခဲ့ကြောင်းတို့ကို ဖော်ပြနေပေသည်။

          ရှာလ်လုမ်းခံတပ်တိုက်ပွဲသည် ထိုစဉ်က အင်္ဂလိပ်နယ်ချဲ့တို့၏ အပြည်ပြည်ဆိုင်ရာတိုက်ပွဲများထဲတွင် အခက်ခဲဆုံး၊ အခိုင်မာဆုံးခံတပ်နှင့် ပြင်းထန်သော တိုက်ပွဲတစ်အဖြစ် မှတ်တမ်းတင်ထားကြကြောင်း သိရလေသည်။

title image: 
Myanmar

ကချင်ပြည်နယ်