Main menu

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားစီရင်မှု (၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ) ၁၉၅၂ ခုနှစ်၊ လွှဲအပ်မှုအမှတ် - ၂

တရားလွှတ်တော်ချုပ်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ

အခြေခံဥပဒေပုဒ်မ ၁၅၁ အရ လွှဲအပ်ခြင်း။ [1]

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေပုဒ်မ ၂၁၉၊ ၎င်း ပုဒ်မများ၂၂၀-၃၂-၄၄ (၂) ။        ။၁၉၄၉ခုနှစ်၊ ပြည်ထောင်စုနိုင်ငံတွင်းထွက်ပင်ရင်းအခြေအမြစ် များကို ထုတ်ဖော်လုပ်ကိုင်နိုင်သော အခွင်းအရေးပေးရန် (ခွင့်ပြုသည့်) အက်ဥပဒေ (၁၉၄၉ ခုနှစ်၊ အက်ဥပဒေအမှတ် ၄၇)။

အခြေခံဥပဒေ၏ သဘောအဓိပ္ပါယ်ကို ကောက်ယူရာ၌ တရားရုံးများ လိုက်နာလေ့ရှိသော  ထုံးတမ်းစဉ်လာနှင့် ဥပဒေသများ။

မြန်မာနိုင်ငံတော်သမတသည်၊ အောက်ပါပြဿနာနှစ်ရပ်ကို နိုင်ငံတော် တရားလွှတ် တော်ချုပ်သို့ စဉ်းစားစေရန်အလို့ငှါ လွှဲအပ်တော်မူသည်။

(၁) ပြည်ထောင်စု မြန်မာနိုင်ငံ၏ သတ္တုစသည့်သဘာဝပင်ရင်းအခြေအမြစ်များကို လုပ်ကိုင်သုံးစွဲနိုင်သော၊ သို့တည်းမဟုတ် တိုးတက်အောင် ပြုလုပ်နိုင်သော ၊ သို့တည်းမဟုတ် အသုံးချနိုင်သော အခွင့်အရေးကို ပြည်ထောင်စု မြန်မာနိုင်ငံ ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေပုဒ်မ ၂၁၉ တွင် ဖော်ပြထားသောပုဂ္ဂိုလ် များ၊ကုမ္ပဏီများ၊သို့တည်းမဟုတ် အဖွဲ့အစည်းအားပေးနိုင်ရန်အလို့ငှါသီးခြား ခြွင်းချက်  စည်းကမ်းများပြဋ္ဌာန်းခြင်းဖြင့်၎င်း၊ အခြားတနည်းနည်းဖြင့်၎င်း တရားဥပဒေပြုနိုင်သည့် အာဏာသည် ပြည်ထောင်စုပါလီမန်တွင် ရှိပါလော။

(ဖြေ) ၎င်းကိစ္စအလို့ငှါ သီးခြားခြွင်းချက် စည်းကမ်းများပြဋ္ဌာန်းချက်ခြင်းဖြင့် တရား ဥပဒေပြုနိုင်သည့် အာဏာသည် ပြည်ထောင်စုပါလီမန်တွင် ရှိပါသည်။ သို့ရာတွင် ပြည်ထောင်စုပါလီမန်သည် ထိုအာဏာသည် ပြည်ထောင်စုနိုင်ငံ၏ အကျိုးစီးပွားအလို့ငှါသာလျှင် အသုံးပြုရပါမည်။

အခြားတနည်းနည်းဖြင့် တရားဥပဒေ ပြုနိုင်သည့်အာဏာသည် ပြည်ထောင်စု ပါလီမန်တွင်မရှိပါ။

(၂) ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စုနိုင်ငံ တွင်းထွက်ပင်ရင်းအခြေအမြစ်များကို ထုတ်ဖော် လုပ်ကိုင်နိုင်သော အခွင့်အရေးပေးရန် (ခွင့်ပြုသည့်) အက်ဥပဒေ (၁၉၄၉ ခုနှစ်၊ အက်ဥပဒေအမှတ် ၄၇ ) တခုလုံးသည်၎င်း၊ အစိတ်အပိုင်း တခုခုသည် ၎င်း ပြည်ထောင်စုပါလီမန်၏ ဥပဒေပြုအာဏာ နယ်နိမိတ်အပြင်သို့ ကျ ရောက်လျက် ဥပဒေအာဏာမတည်ဟု ဆိုရပါမည်လော။

(ဖြေ) ထိုအက်ဥပဒေတခုလုံးသည်၎င်း၊ အစိတ်အပိုင်းတခုခုသည်၎င်း ပြည်ထောင်စု ပါလီမန်၏ ဥပဒေပြုအာဏာ နယ်နိမိတ်အတွင်းသို့ မကျမရောက်ပါ။ ပြည်ထောင်စုပါလီမန်၏ ဥပဒေပြုအာဏာ နယ်နိမိတ်အတွင်းသို့ ကျရောက် ၍ ထိုဥပဒေတခုလုံးသည် ဥပဒေအာဏာတည်သော အက်ဥပဒေဖြစ်ပါသည်။

အခြေခံဥပဒေများနှင့် ၎င်းတို့တွင်ပါရှိသော ပုဒ်မများ၊ ပြဋ္ဌာန်းချက်များ၏ သဘော အဓိပ္ပါယ်ကို ကောက်ယူရာတွင် တရားရုံးများလိုက်နာလေ့ရှိသော ထုံးတမ်းအစဉ်အလာနှင့် ဥပဒေသအချို့တို့မှ-

(၁) အခြေခံဥပဒေ၏ အဓိပ္ပါယ်သေဘာကို ကောက်ယူရာတွင် ကျဉ်းမြောင်းအောင် ကျပ်ကျပ်တည်းတည်း မကောက်ယူဘဲ ကျယ်ပြန့်အောင် ရက်ရက်ရောရော ကောက်ယူရမည်။

(၂) အခြေခံဥပဒေများသည် ခေတ်ကာလအားလျော်စွာ ပေါ်ပေါက်လာသောအဖြစ် အပျက်အကြောင်းချင်းရာများကို လွှမ်းခြုံးငုံမိအောင် ကြီးပွါးကျယ်ပြန့်၍ လာကြရမည့် ဥပဒေများဖြစ်ကြသည်ဟု အသိအမှတ်ပြု၍ အဓိပ္ပါယ်သဘော ကို  ကောက်ယူရမည်။

(၃) အခြေခံဥပဒေများတွင် ပေး၍ထားသော တန်ခိုးအာဏာများကို ကျယ်ပြန့်နိုင် သမျှ ကျယ်ပြန့်စေရန် အဓိပ္ပါယ်သဘော ကောက်ယူရမည်။

(၄) သက်ဆိုင်ရာနိုင်ငံ၏ ပြည်သူလူထုမှာ အကျိုးအများဆုံး ဖြစ်ထွန်းနိုင်စေမည့် သဘောအဓိပ္ပါယ်ကို ကောက်ယူရမည်။

အထက်တွင် ဖော်ပြထားသော ထုံးတမ်းစဉ်လာ နည်းဥပဒေသများမှတပါး အခြား ထုံးတမ်းစဉ်လာနှင့် နည်းဥပဒေများလည်းရှိသေးသည်။ ၎င်းတို့ အနက်အချို့ မှာ တိုင်းပြည်ပြုလွှတ်တော်၏ ရည်ရွယ်ချက်နှင့် အကြံအစည်းများအတိုင်း ဖြစ်စေရန်၊ အခြေခံဥပဒေတစောင်လုံးကိုခြုံ၍ အဓိပ္ပါယ်ကောက်ယူရမည်။ အနည်းဆုံးအလားတူ အကြောင်းချင်းရာများနှင့် စပ်လျဉ်းသော ပြဋ္ဌာန်းချက် များကိုပါ ထည့်သွင်းစဉ်းစားပြီးမှ အဓိပ္ပါယ်သဘောကို ကောက်ယူရမည်။ ပုဒ်မတခု၊ သို့မဟုတ် ပြဋ္ဌာန်းချက်တခု၏ သဘောအဓိပ္ပါယ်သည်မရှင်းလင်း မပြတ်သားစေကာမူ အခြားအလားတူပုဒ်မများ၊ ပြဋ္ဌာန်းချက်များကိုပါ ထည့် သွင်းစဉ်းစားလျှင် အဓိပ္ပါယ်ပေါ်လွင်ထင်ရှား၍လာနိုင်သည်။

        (၁) U Htwe (a) A.E Madari v U Tun Ohn and one ,(1948) B.L.R.541;(၂) American Jurisprudence, vol,xi pp.660 to 663; (၃) Martin v. Hunter”s lesse,1 Wheat. 304 ; (၄) Baxter v. Commissioners of Taxation, (1907) 4 C.L.R. 1087 at p,1105 များကို ကိုးကားသည်။

          ဦးချန်ထွန်း (နိုင်ငံတော်ရှေ့နေချုပ်ကြီး) ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ အတွက် လိုက်ပါဆောင်ရွက်သည်။

          မစ္စတာ ဟောရော့ (ခ်) (စ်) (လွှတ်တော်ရှေ့နေကြီး) နှင့်မစ္စတာ ဆူးမားတို့ ကုမ္ပဏီ အဖွဲ့အစည်းများအတွက် လိုက်ပါဆောင်ရွက်သည်။

          နိုင်ငံတော်တရားဝန်ကြီးချုပ်အမိန့်ချမှတ်သည်။

          ဦးသိမ်းမောင်။ ။နိုင်ငံတော်သမတသည်၊ အောက်ပါအမိန့်ဖြင့် ပြဿနာနှစ် ခုကို ဤရုံးတော်သို့ စဉ်းစားစေရန်အလို့ငှါ၊ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံ ဥပဒေပုဒ်မ ၁၅၁ အရ လွှဲအပ်တော်မူခဲ့သည်။

          “ပြည်ထောင်စုမြန်မာနိုင်ငံ၏ သတ္တုများမှစ၍ သဘာဝပင်းရင်း အခြေအမြစ်များကို ထုတ်ဖော် လုပ်ကိုင်နိုင်သော၊ သို့တည်းမဟုတ် တိုးတက်အောင်ပြုနိုင်သော အခွင့်အရေးကို ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအ​ခြေခံဥပဒေပုဒ်မ ၂၁၉ တွင် ဖော်ပြထားသော ပုဂ္ဂိုလ်များ၊ ကုမ္ပဏီများ ၊ သို့တည်းမဟုတ် အဖွဲ့အစည်းများမှတပါး အခြားပုဂ္ဂိုလ်၊ ကုမ္ပဏီ၊ သို့တည်းမဟုတ် အဖွဲ့အစည်းအားပေးနိုင်ရန်အလို့ငှါ၊ တရားဥပဒေဖြင့် စည်းကမ်းချက်များ ပြဋ္ဌာန်းနိုင်သည့် အာဏာကို ပြည်ထောင်စုပါလီမန်အား ထို အခြေခံ ဥပဒေပုဒ်မ ၂၁၉ ဖြင့် အပ်နှင်းထားသည့်ဟု ယုံကြည်လျက် တိုင်းပြည်ပြုလွှတ်တော် (ပါလီမန်) သည် ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စုနိုင်ငံတွင်းထွက်ပင်းရင်း အခြေအမြစ်များကို ထုတ်ဖော်လုပ်ကိုင်နိုင်သော အခွင့်အရေး ပေးရန် (ခွင့်ပြုသည့်) အက်ဥပဒေကို ပြဋ္ဌာန်းခဲ့ သည် တကြောင်း။

          ပြည်ထောင်စုအစိုးရသည်လည်း အဆိုပါ အက်ဥပဒေအတိုင်းလိုက်နာဆောင်ရွက် လျက်ရှိသည် တကြောင်း။

          သို့ရာတွင် ထိုသို့သောအာဏာကို ၊ ပြည်ထောင်စုပါလီမန်အား ထိုအခြေခံဥပဒေက အပ်နှင်းထားည်ဟူသော ယုံကြည်ယူဆချက်နှင့် စပ်လျဉ်း၍ သံသယဖြစ်ပေါ်ရန်ရှိ သည် တကြောင်း။

          ထို့ကြောင့် တရားလွှတ်တော်ချုပ်၏ ထင်မြင်ယူဆချက်ကို ယူရလောက်အောင် ပြည်သူများအတွက် အရေးကြီးသည်ဟူသော ဥပဒေကြောင်းဆိုင်ရာ အောက်ပါပြဿနာများ ပေါ်ပေါက်ရန်အကြောင်းရှိသည်ဟု၎င်း နိုင်ငံတော်သမတသည် ထင်မြင်ယူဆပါသောကြောင့်၊ ဤပြဿနာကို တရားလွှတ်တော်ချုပ်သို့ စဉ်းစားစေရန်အလို့ငှါ၊ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၁၅၁ အရလွှဲအပ်ပါကြောင်း။

          ၁။ ပြည်ထောင်စုမြန်မာနိုင်ငံ၏ သတ္တုစသည့် သဘာဝပင်းရင်းအခြေအမြစ်များကို လုပ်ကိုင် သုံးစွဲ နိုင်သော၊ သို့တည်းမဟုတ် တိုးတက်အောင် ပြုနိုင်သော၊ သို့တည်းမဟုတ် အသုံးချနိုင်သော အခွင့်အရေးကို ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေပုဒ်မ ၂၁၉ တွင် ဖော်ပြထားသောပုဂ္ဂိုလ်အား၊ သို့တည်းမဟုတ် ကုမ္ပဏီအား၊ သို့တည်းမဟုတ် အဖွဲ့အစည်းအား ပေးနိုင်ရန်အလို့ငှါ၊ သီးခြားခြွင်းချက် စည်းကမ်းများ ပြဋ္ဌာန်းခြင်းဖြင့်၎င်း၊ အခြားတနည်းနည်းဖြင့်၎င်း တရားဥပဒေပြုနိုင်သည့်အာဏာသည်၊ ပြည်ထောင်စုပါလီမန်တွင်ရှိပါသလော။

            ၂။ ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စုနိုင်ငံတွင်းထွက်ပင်ရင်းအခြေအမြစ်များကို ထုတ်ဖော် လုပ်ကိုင် နိုင်သော အခွင်းအရေးပေးရန် (ခွင့်ပြုသည့်) အက်ဥပဒေ (၁၉၄၉ ခုနှစ်၊ အက်ဥပဒေ အမှတ် ၄၇ ) တခုလုံး သည်၎င်း၊ အစိတ်အပိုင်းတခုခုသည်၎င်း ပြည်ထောင်စုပါလီမန်၏ ဥပဒေပြု အာဏာနယ်နိမိတ်အပြင်သို့ ကျရောက်လျက် ဥပဒေအာဏာမတည်ဟု ဆိုပါမည် လော။

          ပဌမပြဿနာကို စဉ်းစားရာ၌ ၊ အဆိုပါအခြေခံဥပဒေပုဒ်မ ၂၁၉ ၏ သဘောအဓိပ္ပါယ် ကိုကောက်ယူရမည်ဖြစ်ရာ၊ အခြေခံဥပဒေများတွင် ပါရှိသော ပုဒ်မတခုခု၊ သို့မဟုတ် ပြဋ္ဌာန်းချက်တခုခု၏ သဘောအဓိပ္ပါယ်ကို ကောက်ယူရာ၌ တရားရုံးများ လိုက်နာလေ့ရှိ သော ထုံးတမ်းစဉ်းလာနှင့် ဥပဒေသများကို သတိပြုရချေသည်။

          ဦးထွေး(ခေါ်)အေး၊အီ၊မဒါရီနှင့်ဦးထွန်းအုံးပါ(၂)တို့၏အမှု[2] တွင်ဤ ရုံးတော် သည် သက်ဆိုင်ရာစီရင်ထုံး အများအပြားကို ကိုးကားပြီးလျှင်၊ အခြေခံဥပဒေများနှင့် ၎င်းတို့တွင် ပါရှိသော ပုဒ်မများ၊ ပြဋ္ဌာန်းချက်များ၏ သဘောအဓိပ္ပါယ်ကို ကောက်ယူရာတွင် တရားရုံး များလိုက်နာလေ့ရှိသော ထုံးတမ်းစဉ်လာနှင့် ဥပဒေသအချို့ကို ဖော်ပြခဲ့ပြီးဖြစ်သည်။

၎င်းတို့မှာ-

(၁) အခြေခံဥပဒေ၏ အဓိပ္ပါယ် သဘောကို ကောက်ယူရာတွင် ကျဉ်းမြောင်းအောင် ကျပ်ကျပ်တည်းတည်း မကောက်ယူရာဘဲ၊ ကျယ်ပြန့်အောင် ရက်ရက်ရောရော ကောက်ယူရမည်ဖြစ်ကြောင်း။

(၂)   အခြေခံ ဥပဒေများသည်၊ ခေတ်ကာလာ အားလျော်စွာ ပေါ်ပေါက်လာသော အဖြစ်အပျက်၊ အကြောင်းချင်းရာများကို လွှမ်းခြုံငုံမိအောင်ကြီးပွားကျယ်ပြန့် ၍လာကြရမည့် ဥပဒေများဖြစ်ကြသည်ဟု အသိအမှတ်ပြု၍ အဓိပ္ပါယ် သဘောကိုကောက်ယူရမည်ဖြစ်ကြောင်း။

(၃)   အခြေခံဥပဒေများတွင်ပေး၍ထားသော တန်ခိုးအာဏာများကို ကျယ်ပြန့်နိုင် သမျှကျယ်ပြန့်လာစေရန်အဓိပ္ပါယ်သဘောကောက် ယူရမည်ဖြစ်ကြောင်း။

(၄)   သက်ဆိုင်ရာ နိုင်ငံ၏ ပြည်သူလူထုမှာ အကျိုးအများဆုံးဖြစ်ထွန်းနိုင်စေမည့် သဘောအဓိပ္ပါယ်ကို ကောက်ယူရမည်ဖြစ်ကြောင်း။

          အထက်တွင်ဖော်ပြခဲ့သော ထုံးတမ်းအစဉ်လာ နည်းဥပဒေသများမှတပါး၊ အခြား ထုံးတမ်းစဉ်လာနှင့် နည်းဥပဒေများလည်း ရှိသေးသည်။ ၎င်းတို့အနက်အချို့မှာ၊ တိုင်းပြည် ပြုလွှတ်တော်၏ ရည်ရွယ်ချက်နှင့် အကြံအစည်းများအတိုင်းဖြစ်စေရန်၊ အခြေခံဥပဒေ တစောင်လုံးကိုခြုံ၍ အဓိပ္ပါယ် သဘောကောက်ယူရမည်။ အနည်းဆုံး အလားတူအကြောင်း ချင်းရာများနှင့် စပ်လျဉ်းသော ပြဋ္ဌာန်းချက်များကိုပါ ထည့်သွင်းစဉ်းစားပြီးမှ၊ အဓိပ္ပါယ် သဘောကို ကောက်ယူရမည်။ ပုဒ်မ တခု၊ သို့မဟုတ် ပြဋ္ဌာန်းချက်တခု၏သဘော အဓိပ္ပါယ် သည် မရှင်းလင်းမပြတ်သားစေကာမူ အခြားအလားတူ ပုဒ်မများ၊ ပြဋ္ဌာန်းချက်များကိုပါ ထည့်သွင်း၍ စဉ်းစားလျှင်၊ အဓိပ္ပါယ်ပေါ်လွင်ထင်ရှား၍လာနိုင်ကြောင်း သတိပြုရမည် ဟူသော ထုံးတမ်းစဉ်လာနှင့် ဥပဒေသများဖြစ်သည် [3]

          ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၂၁၉ မှာ အောက်ပါ အတိုင်းဖြစ်သည်။

          “၂၁၉။         ။ သစ်တောနှင့် သတ္တုမြေများ၊သစ်တောများ၊ရေ၊တံငါလုပ်ငန်းအမျိုးမျိုးဆိုင် ရာ ဒေသများ၊ သတ္တုများ၊ ကျောက်မီးသွေး၊ ရေနံနှင့် အခြားတွင်းထွက်ဆီများ၊ ဓါတ်အား ထွက်မည့်ပင်ရင်းအခြေအမြစ်များနှင့် အခြားသဘာဝပင်ရင်းအခြေအမြစ်များကို ပြည်ထောင် စုနိုင်ငံက လုပ်ကိုင်သုံးစွဲ၍တိုးတက်အောင်ပြုရမည်။ သို့ရာတွင် ပြည်ထောင်စုနိုင်ငံ၏အကျိုး စီးပွားအလို့ငှါ ပါလီမန်၏အက်ဥပဒေအရ ပြဋ္ဌာန်းထားသောသီးခြားခြွင်းချက်စည်းကမ်း များနှင့် မဆန့်ကျင်လျှင်၊ ပြည်ထောင်စုနိုင်ငံသည် အထက်ပါတို့ကိုလုပ်ကိုင်သုံးစွဲနိုင်သော  သို့တည်းမဟုတ် တိုးတက်အောင်ပြုနိုင်သော၊ သို့တည်းမဟုတ် အသုံးချနိုင်သောအခွင့် အရေးကို ပြည်ထောင်စုနိုင်ငံသားများအားပေးနိုင်သည်။ သို့တည်းမဟုတ် ပြည်ထောင်စု နိုင်ငံသားများထံမှ အနည်းဆုံး ရာခိုင်နှုန်း ၆၀ မျှပါဝင်သည့် ငွေရင်းရှိသော ကုမ္ပဏီများသို့ သော်၎င်း၊ ထိုကဲ့သို့သော် အဖွဲ့အစည်းများသို့သော်၎င်း ပေးနိုင်သည်။

          ခြွင်းချက်။      ။ ထိုပြင်၊ ပြည်သူလူထု အကျိုးအတွက် လိုအပ်သောအခါ၊ အထက်ပါ အခွင့်အရေးကိုပါလီမန်ကပြင်နိုင်ရမည်။ သို့တည်းမဟုတ်ပြောင်းနိုင်ရမည်။ သို့တည်းမဟုတ် ရုပ်သိမ်းနိုင်ရမည်ဟူသော စည်းကမ်းချကများအရမှတပါး ထိုအခွင့်အရေးမျိုးကို မပေးရ။

          အထက်ဖော်ပြခဲ့သော သဘာဝပင်ရင်းအခြေအမြစ်များကို လုပ်ကိုင်သုံးစွဲခြင်း၊ တိုးတက် အောင်ပြုခြင်း၊ အသုံးချခြင်းတို့အတွက် လက်မှတ်ကိုသော်၎င်း လိုင်စင်ကိုသော် ၎င်း၊ အခြားနည်းဖြင့် လွှဲအပ်သော လုပ်ပိုင်ခွင့်ကိုသော်၎င်း နှစ်ဆယ့်ငါးနှစ်ထက် ကျော်လွန် သော ကာလအပိုင်းအခြားအတွက် နောင်အခါတွင်မပေးရ။ သို့တည်းမဟုတ် နှစ်ဆယ့်ငါးနှစ် ထက်ကျော်လွန်သော နောက်ထပ်ကာလအပိုင်းအခြားအတွက် အသစ်လဲခွင့်မရှိစေရ”။

          ပဌမပြဿနာအတွက် ဤပုဒ်မ ၂၁၉ တွင်ပါရှိသော စကားများအနက်၊ (ပြည်ထောင်စု နိုင်ငံ၏ အကျိုးစီးပွားအလို့ငှါ၊ ပါလီမန်၏ အက်ဥပဒေအရ၊ ပြဋ္ဌာန်းထားသော သီးခြားခြွင်း ချက်စည်းကမ်းများနှင့်မဆန့်ကျင်လျှင်)ဟူသော စကားများသည်အရေးအကြီးဆုံးဖြစ်သည်။ ပဌမပုဒ်မ ၂၁၉ ကို အခြားပုဒ်မများနှင့်၎င်း၊ အခြားပြဋ္ဌာန်းချက်များနှင့်၎င်း မနှိုင်းယှဉ်ဘဲ၊ သူ့ချင်းသက်သက်ဘတ်ရှုသော် ( ပြည်ထောင်စုနိုင်ငံ၏ အကျိုးစီးပွားအလို့ငှါ၊ ပါလီမန်၏ အက်ဥပဒေအရ၊ ပြဋ္ဌာန်းထားသော သီးခြားခြွင်းချက်စည်းကမ်းများနှင့်မဆန့်ကျင်လျှင်) ဟူ သော စကားများသည်၊ ပြည်ထောင်စုနိုင်ငံသည်၊ ပြည်ထောင်စုနိုင်ငံသားများအား၊ သို့တည်း မဟုတ် ပြည်ထောင်စုနိုင်ငံသားများအနည်းဆုံး ရာခိုင်နှုန်း ၆၀ မျှပါဝင်သည့် ငွေရင်းရှိသော ကုမ္ပဏီများ၊ သို့မဟုတ် အဖွဲ့အစည်းများအား အခွင့်အရေးပေးနိုင်ခြင်းကို ချုတ်ချယ်သော စကားများဖြစ်သယောင်ယောင်ရှိသည်။ အက်ဥပဒေနှင့် မဆန့်ကျင်မှ အခွင့်အရေးများကို ပြည်ထောင်စုနိုင်ငံသည် ၎င်းတို့အားပေးနိုင်သည်ဟု ဆိုသယောင်ယောင်ရှိသည်။ သို့ဖြစ်၍ ထိုအခွင့်အရေးများကို ၎င်းတို့အားပေးနိုင်ခွင့် ပြည်ထောင်စုနိုင်ငံ၏ အာဏာတွင် ခြွင်းချက် ပြု၍၊ ထိုအာဏာကို ချုတ်ချယ်သော စကားများ ဖြစ်သယောင်ယောင်ရှိသည်။

          ထိုပုဒ်မအရ၊ သဘာဝပင်ရင်းအခြေအမြစ်များကို၊ ပြည်ထောင်စုနိုင်ငံက လုပ်ကိုင်သုံး စွဲ၍ တိုးတက်အောင်ပြုရမည်ဖြစ်သော်လည်း ပြည်ထောင်စုနိုင်ငံသည်၊ ထိုအခွင့်အရေးများ ကို ပြည်ထောင်စု နိုင်ငံသားများနှင့် ဆိုခဲ့သော ကုမ္ပဏီ၊ အဖွဲ့အစည်းများအားပေးနိုင်သည်။ သို့ရာတွင်၊ ပါလီမန်၏ အက်ဥပဒေအရ၊ ပြဋ္ဌာန်းထားသော သီးခြားခြွင်းချက်စည်းကမ်းများ နှင့်ဆန့်ကျင်လျှင် မပေးရဟုတားမြစ်သကဲ့သို့ရှိသည်။

          သို့ရာတွင် အခြေခံဥပဒေကို အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့် ပြဋ္ဌာန်းအတည်ပြု၍ ထားသည်။ ထိုဥပဒေပုဒ်မ ၂၁၇ အရလည်း အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းချက်တို့သည်၊ မြန်မာဘာသာဖြင့် ပြဋ္ဌာန်းချက်များကဲ့သို့ပင်အာနိသင်ရှိသည်။ သို့အတွက် ပုဒ်မ၂၁၉ အတွက်မှာ မြန်မာဘာသာကိုမဟုတ်ဘဲ၊ အင်္ဂလိပ်ဘာသာကိုပါကြည့်ရှု၍ စဉ်းစားရချေမည်။ သို့စဉ်းစားသောအခါ(ပြည်ထောင်စုနိုင်ငံ၏အကျိုးစီးပွားအလို့ငှါ၊ပါလီမန်၏ အက်ဥပဒေအရ ပြဋ္ဌာန်းထားသောသီးခြားခြွင်းချက်စည်းကမ်းများနှင့်မဆန့်ကျင်လျှင်) ဟူသောစကားမျာကို “ subject to such specific exceptions as may be authorized by an Act of parliament in the interest of the Union” ဟုဘာသာ ပြန်၍ထားကြောင်း တွေ့မြင်ရ သည်။

          (ပြဋ္ဌာန်းထားသော) ဆိုသောမြန်မာစကားနှင့်“authorized”ဟူသော အင်္ဂလိပ်စကား တို့သည် အဓိပ္ပါယ်မတူကြ။ “authorized” ၏အဓိပ္ပါယ်မှာ (ခွင့်ပြုထားသော)ဖြစ်သည်။ (ပြဋ္ဌာန်းထားသော) အစား (ခွင့်ပြုထားသော) ထည့်၍ဘတ်လျှင် (ပြည်ထောင်စုနိုင်ငံ၏ အကျိုးစီးပွားအလို့ငှါ၊ ပါလီမန်၏အက်ဥပဒေအရခွင့်ပြုထားသော သီးခြားခြွင်းချက်စည်း ကမ်းများနှင့် မဆန့်ကျင်လျှင်) ဖြစ်၍လာသည်။ သို့ဖြစ်၍လာသောအခါ သဘောအဓိပ္ပါယ် သည် ပြောင်း၍သွားသည်။

          မူလရှိရင်းစွဲဖြစ်သော ( ပါလီမန်၏ အက်ဥပဒေအရ ၊ ပြဋ္ဌာန်းထားသောသီးခြားခြွင်း ချက်စည်းကမ်းများနှင့် မဆန့်ကျင်လျှင်) ဟူသော စကားများသည် ပြည်ထောင်စုနိုင်ငံသား များနှင့်ကုမ္ပဏီ၊ အဖွဲ့အစည်းများအား အခွင့်အရေးပေးရန် ပြည်ထောင်စုနိုင်ငံ၏ တန်ခို အာဏာကို ချုတ်ချယ်သကဲ့သို့ ရှိခဲ့သော်လည်း ပါလီမန်၏ ပြဋ္ဌာန်းချက်သည် သီးခြားခြွင်း ချက်အနေဖြင့် ခွင့်ပြုပြဋ္ဌာန်းချက်ဖြစ်ရမည်ဆိုသည်နှင့်တပြိုင်နက်၊ အက်ဥပဒေဖြင့်ခွင့်ပြု လိုက်သော သီးခြားခြွင်းချက်သည် ( ပင်ရင်းအခြေအမြစ်များကို ပြည်ထောင်စုနိုင်ငံကလုပ် ကိုသုံးစွဲ၍ တိုးတက်အောင်ပြုရမည်) ဟူသောပြဋ္ဌာန်းချက်၏ ခြွင်းချက်ဖြစ်ရမည်ဟု အနည်းငယ်ထင်ရှား၍လာ၏။ ထိုသီးခြားခြွင်းချက်သည်၊ ပြည်ထောင်စုမြန်မာနိုင်ငံသား များနှင့် ကုမ္ပဏီ၊ အဖွဲ့အစည်းများအား အခွင့်အရေးများကို ပြည်ထောင်စုနိုင်ငံက ပေးနိုင်ခွင့် ကိုချုတ်ချယ်သော ခြွင်းချက်မဟုတ်နိုင်ကြောင်း အနည်းငယ်သာထင်ရှား၍လာ၏။

          သို့ရာတွင် ထိုကဲ့သို့အဓိပ္ပါယ်သဘောကိုကောက်ယူရာမှ (မဆန့်ကိုလျှင်) ဟူသော စကားများကခု၍နေသကဲ့သို့ရှိသေးသည်။ သို့အတွက်အထက်တွင်ဖော်ပြခဲ့သော အင်္ဂလိပ် ဘာသာစကားများကို ထပ်၍သုံးသပ်ရန်လိုပြန်သည်။ သို့သုံးသပ်သောအခ (မဆန့်ကျင်လျှင်) ဟူသော မြန်မာစကားများအစား၊ အင်္ဂလိပ်စကားတွင် “authorized” ဟုသုံး၍ထားသည်ကို တွေ့ရသည်။ “subject to” ၏ အဓိပ္ပါယ်မှာ ( အထောက်အထားပြု၍ ) ၊ သို့မဟုတ် (မဆန့်ကျင်စေမူ၍) သို့မဟုတ် ( အညံ့ပေး၍) ဖြစ်သည်။ သို့အတွက် (မဆန့်ကျင်လျှင်) ဟူသော စကားများ၏သဘော အဓိပ္ပါယ်ကို ဤနေရာတွင် ( မဆန့်ကျင်စေမူ၍ ) ဟုကောက် ယူမှသာလျှင် တိုင်းပြည်ပြုလွှတ်တော်၏ အာဘော်ကိုမိလိမ့်မည်။

          ဤသို့သဘောအဓိပ္ပါယ်ကောက်ယူပြီးလျှင် မူလ စာပိုဒ်ကိုဘတ်သော် (ပြည်ထောင်စု နိုင်ငံ၏ အကျိုးစီးပွားအလို့ငှါ ပါလီမန်၏ အက်ဥပဒေအရ ခွင့်ပြုထားသော သီးခြားခြွင်း ချက် စည်းကမ်းများကို မဆန့်ကျင်စေမူ၍ ပြည်ထောင်စုနိုင်ငံသည် ပြည်ထောင်စုနိုင်ငံသား များ နှင့် ကုမ္ပဏီ အဖွဲ့အစည်းများအား အခွင့်အရေးပေးနိုင်သည်) ဟုဖြစ်၍လာသည်။

          သို့ဖြစ်၍လာသည့်အတိုင်း ပုဒ်မ ၂၁၉ ကိုသုံးသပ်ဝေဘန်လျှင် ၎င်းမှာ အပိုင်း ၃ ပိုင်း ပါရှိကြောင်းထင်ရှား၍လာသည်။

          ပဌမပိုင်းမှာ သဘာဝပင်ရင်း အခြေအမြစ်များကို ပြည်ထောင်စုနိုင်ငံက လုပ်ကိုင်သုံးစွဲ ၍ တိုးတက်အောင်ပြုရမည် ဟူသောအပိုင်းဖြစ်သည်။

          ဒုတိယပိုင်းမှာ အထက်ပါစည်းကမ်းတွင် ပြည်ထောင်စုနိုင်ငံ၏ အကျိုးစီးပွားအလို့ငှါ ပါလီမန်က အက်ဥပဒေအရ ခွင့်ပြုသော သီးခြားခြွင်းချက်စည်းကမ်းများပြုလုပ်နိုင်သည်ဟူ သောအပိုင်းဖြစ်သည်။

          တတိယပိုင်းမှာ ပါလီမန်က အက်ဥပဒေဖြင့် ခွင့်ပြုသော သီးခြားခြွင်းချက်စည်းကမ်း များကို မဆန့်ကျင်စေမူ၍ ပြည်ထောင်စုနိုင်ငံသည် ပြည်ထောင်စုနိုင်ငံသားများနှင့် ဆိုခဲ့သော  ကုမ္ပဏီ အသင်းအဖွဲ့များအား အခွင့်အရေးကို ပေးနိုင်သည်ဟူသောအပိုင်းဖြစ်သည်။

          ပဌမပိုင်းအရ သဘာဝပင်ရင်း အခြေအမြစ်များကို ပြည်ထောင်စုနိုင်ငံက လုပ်ကိုင်သုံး စွဲ၍ တိုးတက်အောင်ပြုရမည်ဆိုသော်လည်း အချို့သဘာဝပင်ရင်းအခြေအမြစ်များ အတွက် မှာမူ ပြည်ထောင်စုနိုင်ငံက လုပ်ကိုင်သုံးစွဲ၍ တိုးတက်အောင်ပြုရမည့်အစား အခြားသူများ သို့မဟုတ် ကုမ္ပဏီ အသင်းအဖွဲ့အစည်းများအား လုပ်ကိုင်သုံးစွဲ၍ တိုးတက်အောင်ပြုခွင့်ပေး နိုင်စေရန်ပါလီမန်သည် ဒုတိယပိုင်းအရဥပဒေဖြင့် ပြည်ထောင်စုနိုင်ငံ၏ အကျိုးစီးပွားအလို့ ငှါခြွင်းချက်များပြုလုပ်နိုင်သည်။ ဤသို့အဓိပ္ပါယ်ကောက်ယူခြင်းသည် ပြည်သူလူထုမှာ အကျိုးစီးပွားအများဆုံး ဖြစ်ထွန်းနိုင်စေမည့် သဘောအဓိပ္ပါယ်ကို ကောက်ယူရမည်ဟူသော စည်းမျဉ်း ဥပဒေသနှင့်ညီညွတ်သည်။ သည်မျှသာမကသေး ဤသို့အဓိပ္ပါယ်ကောက်ယူခြင်း သည် အခြေခံဥပဒေပုဒ်မ ၂၂၀ နှင့်လည်းညီညွတ်သည်။ ပုဒ်မမ ၂၂၀ မှာ အောက်ပါအတိုင်း ဖြစ်သည်။

          “ပြည်ထောင်စုနိုင်ငံ၏ အကျိုးစီးပွားအလို့ငှါ၊ ပါလီမန်၏ အက်ဥပဒေက ပြဋ္ဌာန်း ထားသော သီးခြားခြွင်းချက်စည်းကမ်းများ အရမှတပါး၊ လုပ်ကိုင်သုံးစွဲစေရန်သော်၎င်း၊ တိုးတက်အောင် ပြုစေရန်သော်၎င်း အသုံးချစေရန်သော်၎င်း မည့်သည့်လယ်ယာကိုင်းကျွန်း မြေကိုမျှ ပြည်ထောင်စုနိုင်ငံသား မဟုတ်သောသူများအား ပြည်ထောင်စုနိုင်ငံက မပေးရ။”

          ထိုပုဒ်မအရ မည်သည့်လယ်ယာကိုင်းကျွန်း မြေကိုမျှပြည်ထောင်စုနိုင်ငံသားမဟုတ် သော သူများအား၊ ပြည်ထောင်စုနိုင်ငံ ကမပေးရဟုဆိုသော်လည်း၊ ပြည်ထောင်စုနိုင်ငံ၏ အကျိုးစီးပွားအလို့ငှါ ပါလီမန်က အက်ဥပဒေဖြင့် သီးခြားခြွင်းချက် စည်းကမ်းများပြုလုပ်၍ ပြည်ထောင်စုနိုင်ငံသား မဟုတ်သူများအား လယ်ယာကိုင်းကျွန်း မြေများကို ပေးစေနိုင် သည်။ ဤနည်းအတူပင်လျှင်၊ ပုဒ်မ ၂၁၉ အရ၊ သဘာဝပင်းရင်း အခြေအမြစ်များကို ပြည် ထောင်စုနိုင်ငံက လုပ်ကိုင်သုံးစွဲ၍ တိုးတက်အောင်ပြုရမည်ဆိုသော်လည်း၊ ပါလီမန်ကအက် ဥပဒေဖြင့် သီးခြားခြွင်းချက်များ ပြုလုပ်၍၊ သဘာဝပင်ရင်းအခြေအမြစ်များကို လုပ်ကိုင် သုံးစွဲ၍ တိုးတက်အောင် ပြုရန်အခွင့်အရေးများကို သူတပါးတို့အား ပေးရန်ခွင့်ပြုနိုင်သေး သည်။ ဤစကားစပ်၌၊ ပုဒ်မ ၂၂၀ တွင် မြန်မာဘာသာဖြင့်ပါရှိသော( ပြည်ထောင်စုနိုင်ငံ၏ အကျိုးစီးပွားအလို့ငှါ၊ ပါလီမန်၏ အက်ဥပဒေက ပြဋ္ဌာန်းထားသော သီးခြားခြွင်းချက် စည်း ကမ်းများ အရမှတပါး) “ subject to such specific exceptions as may be authorized by an Act of parliament in the interest of the Union” ဖြစ်ပြီး၊ ၎င်း အင်္ဂလိပ်စကားများသည်လည်း ပုဒ်မ ၂၁၉ တွင်ပါရှိသော အင်္ဂလိပ်စာပိုဒ်အတိုင်းဖြစ်၍ ပုဒ်မ ၂၁၉ ၏ အဓိပ္ပါယ်သဘောကိုအထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ကောက်ယူခြင်းသည် တိုင်း ပြည်ပြုလွှတ်တော်၏ အာဘော်အတိုင်းဖြစ်ကြောင်း သာ၍ထင်ရှားသည်။

          ဤသို့သဘောအဓိပ္ပါယ်ကောက်ယူခြင်းသည်၊ အခြေခံဥပဒေပုဒ်မ ၃၂ နှင့် ပုဒ်မ ၄၄ (၂) တို့နှင့်လည်းညီညွတ်သည်။ ထိုပုဒ်မများအရ၊ သဘာဝပင်ရင်းအခြေအမြစ်များကို နိုင်ငံ တော်အစိုးရ ကိုယ်တိုင်လုပ်ကိုင်သုံးစွဲ၍ တိုးတက်အောင်ပြုရမည်ဟု သတ်မှတ်ပြဋ္ဌာန်းခြင်း သည်၊ ဥဒေပြုရာ၌၎င်း၊ အုပ်ချုပ်ရာ၌၎င်း အလေးဂရုပြုရမည့် ယေဘုယျလမ်းညွှန်းများသာ ဖြစ်ကြောင်း၊ ၎င်းတို့ကို ပြည်ထောင်စုနိုင်ငံတော် အစိုးရကိုယ်တိုင်မလုပ်ကိုင်မသုံးစွဲနိုင်သေး လျှင်၊ အခြားသူများအား လုပ်ကိုင်ခွင့်ပေးနိုင်စေရန်ရည်ရွယ်ချက်ရှိကြောင်းပေါ်လွင်ထင်ရှား သည်။

          တတိယပိုင်းအရလည်း၊ ပြည်ထောင်စုနိုင်ငံတော် အစိုးရသည် မိမိကိုယ်တိုင်မလုပ် ကိုင်မသုံးစွဲနိုင်သေးသော၊ သို့မဟုတ် မလုပ်ကိုင်မသုံးစွဲလိုသေးသော သဘာဝပင်ရင်းအခြေ အမြစ်များကို လုပ်ကိုင်သုံးစွဲ၍ တိုးတက်အောင်ပြုရန် ပြည်ထောင်စုနိုင်ငံသားများအား သို့မဟုတဆိုခဲ့သော ကုမ္ပဏီအသင်းအဖွဲ့များအား အခွင့်ပြုနိုင်သည်။ သို့ခွင့်ပြုရာမှာမူ ပါလီမန်က အက်ဥပဒေအရ ခွင့်ပြုထားသော သီးခြားခြွင်းချက်များရှိလျှင် ၎င်းတို့ကို အထောက်အထားပြု၍ ခွင့်ပြုရမည်။ ဥပမာပုံ၊ ပါလီမန်ကသဘာဝပင်ရင်းအခြေအမြစ် တမျိုးမျိုးကိုလုပ်ကိုင်သုံးစွဲ၍ တိုးတက်အောင်ပြုရန် အခွင့်အရေးများကို ပြည်ထောင်စု နိုင်ငံသားများထံမှ အနည်းဆုံး ရာခိုင်နှုန်းမည်မျှပါဝင်သော ကုမ္ပဏီ၊ သို့မဟုတ် အသင်းအဖွဲ့ များအားပေးနိုင်စေရမည်ဟု သီးခြားခြွင်းချက်များ အက်ဥပဒေဖြင့်လုပ်၍ထားလျှင်၊ ပြည်ထောင်စုနိုင်ငံတော်အစိုးရ တတိယပိုင်းအရ မိမိ၏အာဏာကို အသုံးပြု၍ ထိုခြွင်ချက်ကို မဆန့်ကျင်စေရ။ ထိုခြွင်ချက်ကို ရိုသေလေးစားရမည်။ တတိယပိုင်းကို ဤသို့အဓိပ္ပါယ် ကောက်ယူခြင်းသည် ထိုအပိုင်းအရ ပြည်ထောင်စုနိုင်ငံတော်အစိုးရ ရရှိသောအာဏာကို အကျယ်ပြန့်ဆုံးဖြစအောင် ကောက်ယူခြင်းဖြစ်၍ အထက်တွင်ဖော်ပြခဲ့သောနည်းဥပဒေသ မျာနှင့်ညီညွတ်သည်၊ ထိုမှတပါး ထိုကဲ့သို့ကောက်ယူခြင်သည်၊ အခြေခံဥပဒေပုဒ်မ ၄၄(၂) ၏ သဘောနှင့်လည်းလိုက်လျောညီညွတ်သည်။ ပြည်ထောင်စု နိုင်ငံတော်အစိုးရ၏ အာဏာကို ဤမျှကျယ်ပြန့်အောင် အဓိပ္ပါယ်ကောက်ယူသော်လည်း စိုးရိမ်စရာမရှိနိုင်ကြောင်းကို၊ ပုဒ်မ ၂၁၉ တွင် ပါရှိသော ခြွင်းချက်အရထင်ရှားသည်။ ထိုခြွင်းချက်အရ၊ ပြည်ထောင်စု နိုင်ငံတော် အစိုးရက ပေး၍ထားသော အခွင့်အရေးများကို ပြည်သူ့အကျိုးအတွက် လိုအပ်သောအခါ၊ ပါလီမန်က ပြင်နိုင်ရမည်၊ ပြောင်လဲနိုင်ရမည်၊ သို့တည်းမဟုတ် ရုပ်သိမ်းနိုင်ရမည်။ သို့အတွက် အထက်တွင် အဓိပ္ပါယ် သဘောကောက်ယူသည့်အတိုင်း၊ ပြည်ထောင်စု နိုင်ငံတော်အစိုးရမှာကျယ်ပြန့်သော အာဏာရှိသော်လည်း၊ ပြည်သူ့အကျိုးအတွက်ဝင်စွက် ရန်လိုလျှင်၊ ပါလီမန်လည်းဝင်စွက်နိုင်မည်သာဖြစ်သည်။

          အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း၊ ပုဒ်မ ၂၁၉ ၏ အပိုင်း ၃ ပိုင်းတို့ကို သဘော အဓိပ္ပါယ်ကောက်ယူခြင်းသည်၊ အခါအားလျော်စွာ ဖြစ်ပေါ်လာသောအကြောင်းချင်းရာ အခြေအနေများကို ခြုံမိငုံမိအောင် ကြီးထွားကျယ်ပြန့်နိုင်​စေရန် သဘောအဓိပ္ပါယ်ကို ကောက်ယူရမည်ဟူသော ဥပဒေသနှင့်လည်းညီညွှတ်သည်။ အောက်တွင်ဖော်ပြထားရှိသော အမှု၌၊ အမေရိကန် ယူနိုက်တက်စတိတ်နိုင်ငံ လွှတ်တော်ချုပ်တရားဝန်ကြီး စတိုရီ၏ ယူဆ ဆုံးဖြတ်ချက် များနှင့်လည်းညီညွတ်သည်။ [4]

          သို့အတွက်၊ ပုဒ်မ ၂၁၉ ၏အဓိပ္ပါယ် သဘောအချုပ်မှာ (သဘာဝပင်ရင်း အခြေအမြစ် များကို၊ ပြည်ထောင်စုနိုင်ငံတော်အစိုးရက လုပ်ကိုင်သုံးစွဲ၍ ၊ တိုးတက်အောင်ပြုရမည်။ သို့ရာတွင် ထိုစည်းကမ်းတွင် ၊ ပြည်ထောင်စုနိုင်ငံ၏ အကျိုးစီးပွားအလို့ငှါ၊ ပါလီမန်က အက်ဥပဒေဖြင့် ခြွင်းချက်များပြုလုပ်နိုင်သည်။ ထိုမှတပါး ထိုခြွင်းချက်များကိုအထောက်အ ထားပြု၍၊ ပြည်ထောင်စုနိုင်ငံတော်အစိုးရသည် ၊ သဘာဝပင်ရင်းအခြေအမြစ်များကိုလုပ် ကိုင်သုံးစွဲရန် တိုးတက်အောင်ပြုရန် အခွင့်အရေးများကို၊ ပြည်ထောင်စုနိုင်ငံသားများအား၊ သို့မဟုတ် ၎င်းတို့ထံမှ ငွေရင်းအနည်းဆုံးရာခိုင်နှုန်း ၆၀ ပါသော ကုမ္ပဏီ၊ သို့မဟုတ် အဖွဲ့ အစည်းများအားပေးနိုင်သည်) ဖြစ်ကြောင်း ဤရုံးတော်က ကောက်ယူဆုံးဖြတ်သည်။

          သို့ကောက်ယူ ဆုံဖြတ်သည့်အတိုင်း နိုင်ငံတော်သမတကလွှဲအပ်သည့် ပဌမပြဿနာ ကို  ပြည်ထောင်စုပါလီမန်တွင် သီခြားခြွင်းချက် စည်းကမ်း ပြဋ္ဌာန်းခြင်းဖြင့် တရားဥပဒေပြု နိုင်သည့် အာဏာရှိသည်ဟုဖြေဆိုရမည်။

          ထိုပြဿနာတွင်၊ အဆိုပါကိစ္စအလို့ငှါ အခြားတနည်းနည်းဖြင့် တရားဥပဒေပြုနိုင် သည် ပြည်ထောင်စုပါလီမန်တွင် ရှိပါသလောဟူသော အမေးလည်းပါရှိ၍နေရာ ပုဒ်မ ၂၁၉ တွင် သီးခြားခြွင်းချက်စည်းကမ်းများကို ပါလီမန်၏အက်ဥပဒေအရပြဋ္ဌာန်းရန်သာပါရှိသော ကြောင့်၊ အခြား နည်းအားဖြင့် အဆိုပါ ကိစ္စအလို့ငှါ တရားဥပဒေပြုနိုင်သည့် အာဏာသည် ပြည်ထောင်စုပါလီမန်တွင်မရှိပါဟု ဖြေဆိုရမည်။ ဤအရာ၌၊ ပြည်ထောင်စုနိုင်ငံတော် အစိုးရ အတွက် လိုက်ပါဆောင်ရွက်သော နိုင်ငံတော်ရှေ့နေချုပ်ကြီးနှင့် ကုမ္ပဏီအဖွဲ့အစည်းများအ တွက်လိုက်ပါဆောင်ရွက်ကြသော လွှတ်တော်ရှေ့နေကြီးများသည် အဆိုပါကိစ္စအတွက် အခြားတနည်းနည်းဖြင့် တရားဥပဒေ ပြုနိုင်သည့် အာဏာသည် ပြည်ထောင်စုပါလီမန်တွင် ရှိသည်ဟု အမြွက်လေသံမျှမပြောကြားခဲ့ကြချေ။

          နိုင်ငံတော်သမတက လွှဲအပ်တော်မူသော ဒုတိယ ပြဿနာနှင့် စပ်လျဉ်း၍ ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စုနိုင်ငံတွင်းထွက် ပင်ရင်းအခြေအမြစ်များကိုထုတ်ဖော် လုပ်ကိုင်နိုင်သော အခွင့်အရေးပေးရန် (ခွင့်ပြုသည့်) အက်ဥပဒေသည်၊ သို့မဟုတ် ထိုဥပဒေအစိတ်အပိုင်း တခုခုသည်၊ ပြည်ထောင်စုပါလီမန်၏ ဥပဒေပြု အာဏာနယ်နိမိတ်အပြင်သို့ ကျရောက်သည် မကျရောက်သည်ကို စီစစ်ဝေဘန်ရာ၌ ထိုအက်ဥပဒေသည်၊ သို့မဟုတ် ထိုအက်ဥပဒေ၏ အစိတ်အပိုင်းတခုခုသည် ပုဒ်မ ၂၁၉ အရ၊ ပါလီမန်အက်ဥပဒေဖြင့်ပြဋ္ဌာန်းနိုင်သော သီးခြား ခြွင်းချက်စည်းကမ်းများ ဟုတ်မဟုတ် စီစစ်ဝေဘန်ရချေမည်။

          ထိုအက်ဥပဒေသည် မည်သည့်အတွက် ပြဋ္ဌာန်းရကြောင်း ဖော်ပြရာတွင်၊ အကြောင်း နှစ်ခုပြ၍ထားသည်။ ပဌမအကြောင်းမှာ တရားဥပဒေဖြင့် သီးခြားခြွင်းချက်များ စည်းကမ်း များ ပြဋ္ဌာန်းနိုင်သည့်အာဏာကို ပြည်ထောင်စုပါလီမန်အား အခြေခံဥပဒေပုဒ်မ ၂၁၉ ဖြင့် အပ်နှင်းထားကြောင်းဖြစ်သည်။ ဒုတိယအကြောင်းမှာ ပြည်ထောင်စုနိုင်ငံ၏ အကျိုးစီးပွား အလို့ငှါ၊ သီးခြားခြွင်းချက် စည်းကမ်းများကို ပြဋ္ဌာန်းရန်သင့်ကြောင်းဖြစ်သည်။

          ထိုအက်ဥပဒေ ပုဒ်မ ၂ အရမှာလည်း၊ ထိုပုဒ်မတွင် ပြဋ္ဌာန်းထားသော ပြဋ္ဌာန်းချက် များကို အခြေခံဥပဒေပုဒ်မ ၂၁၉ တွင်ရည်ညွှန်းထားသော သီးခြားခြွင်းချက်စည်းကမ်းများ အဖြစ်ဖြင့် ပြဋ္ဌာန်းကြောင်းပါရှိသည်။ သည်မျှသာမကသေး ထိုပုဒ်မတွင်ပါရှိသော ပြဋ္ဌာန်း ချက်များကိုစီစစ်၍ကြည့်သောအခါမှာလည်း ၎င်းတို့သည် ပြည်ထောင်စုနိုင်ငံ၏ အကျိုး စီးပွားအလို့ငှါ ဖြစ်ကြောင်း တွေ့မြင်ရသည်။

          ထိုပြဋ္ဌာန်းချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

“(က) ပြည်ထောင်စုနိုင်ငံသား တဦးတယောက်သော်၎င်း၊ ပြည်ထောင်စုနိုင်ငံသား များထံမှ အနည်းဆုံးရာခိုင်နှုန်းခြောက်ဆယ်မျှပါဝင်သည့် ငွေရင်းရှိသော ကုမ္ပဏီတခုခုက၊ သို့တည်းမဟုတ် အဖွဲ့အစည်းတခုခုကသော်၎င်း၊ ထိုတွင်း ထွက်ပင်ရင်းအခြေအမြစ်များကို၊ နိုင်ငံတော် အကျိုးဖြစ်ထွန်းအောင် ထုတ် ဖော်လုပ်ကိုင်ရန် ဖြစ်စေ၊တိုးတက်အောင်ပြုရန်ဖြစ်စေ စွမ်းဆောင်နိုင်လိမ့် မည်မဟုတ်ဟူ၍ နိုင်ငံတော်အစိုးရက ယုံကြည်ယူဆရန် အကြောင်းရှိခြင်း။

(ခ) အထက် အပိုဒ် (က) တွင် ဖော်ပြထားခြင်းမရှိသော ပုဂ္ဂိုလ်၊ သို့တည်းမဟုတ် ကုမ္ပဏီ၊ သို့တည်းမဟုတ် အဖွဲ့အစည်းအား၊ထိုထုတ်ဖော်လုပ်ကိုင်နိုင်သော၊ သို့တည်းမဟုတ် တိုးတက်အောင်ပြုနိုင်သောအခွင့်အရေးမျိုးကိုမပေးဘဲ​နေ ခဲ့သော်၊ ပြည်ထောင်စုနိုင်ငံ၏ အကျိုးစီးပွားကို ပျက်ပြားစေမည်ဟူ၍ နိုင်ငံ တော်အစိုးက ယုံကြည်ယူဆရန် အကြောင်းရှိခြင်း။

(ဂ) အခွင့်အရေးကို အသစ်ထုတ်ပေးရာ၌၎င်း၊ အဟောင်းကို ထပ်မံပြုပြင်ထုတ်ပေး ရာ၌၎င်း ထိုအခွင့်အရေးသည် တည်ဆဲဖြစ်သော သတ္တုတူးဖော်ခွင့်နည်း ဥပဒေများအရသာလျှင်ဖြစ်စေခြင်း။

(ဃ) ထိုအခွင့်အရေးကို နိုင်ငံတော်အစိုးရ၏ စီးပွားရေးစီးမံကိန်းနှင့် အညီအညွှတ် ဖြစ်စေခြင်း။”

          ထိုအက်ဥပဒေ၏ ကျန်အစိတ်အပိုင်းများမှာ၊ ထိုအက်ဥပဒေသည် မည်သည့်နေရက်မှ စ၍ အာဏာတည်ရမည်ဟူသော ပြဋ္ဌာန်းချက်နှင့် ထိုအက်ဥပဒေပါကိစ္စများနှင့် ရည်ရွယ် ချက်များကို ဆောင်ရွက်ရန်နည်းဥပဒေများ လုပ်နိုင်ခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်များသာဖြစ် သည်။

          သို့ဖြစ်၍၊ထိုအက်ဥပဒေသည် အခြေခံဥပဒေပုဒ်မ ၂၁၉ အတွင်းအကျုံးဝင်သော သီးခြားခြွင်းချက်စည်းကမ်းများဆိုင်ရာ အက်ဥပဒေမျှသာဖြစ်သည်။သို့အတွက် ထိုအက် ဥပဒေသည်၎င်း၊ ထိုအက်ဥပဒေ၏ အစိတ်အပိုင်းတခုခုသည်၎င်း ပြည်ထောင်စုပါလီမန်၏ ဥပဒေပြုအာဏာ နယ်နိမိတ်အပြင်သို့ ကျရောက်သည့် မဟုတ်ချေ။ထိုအက်ဥပဒေကို အာဏာ မတည်ဟု မဆိုနိုင်ချေ။

          အထက်တွင်ဖော်ပြခဲ့သော အကြောင်းအချက်များကို  ဆင်ခြင်သုံးသပ်ပြီးလျှင်၊ဤရုံး တော်က နိုင်ငံတော်သမတ လွှဲအပ်တော်မူသော ပြဿနာများကို အောက်ပါအတိုင်းဖြေကြား ၍ နိုင်ငံတော်သမတထံအစီရင်ခံမည်။

          (၁)     ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ သတ္တုစသည့် သဘာဝပင်ရင်း အခြေအမြစ် များကိုလုပ်ကိုင်သုံးစွဲနိုင်သော၊ သို့တည်းမဟုတ် တိုးတက်အောင်ပြုနိုင်သော၊သို့တည်မဟုတ် အသုံးချနိုင်သောအခွင့်အရေးများကို ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၂၁၉ တွင် ဖော်ပြထားသော ပုဂ္ဂိုလ်များ၊ ကုမ္ပဏီများ၊ သို့တည်းမဟုတ် အဖွဲ့အစည်းများမှတပါး အခြားပုဂ္ဂိုလ်အား၊ သို့တည်းမဟုတ် ကုမ္ပဏီအား၊သို့တည်းမဟုတ် အဖွဲ့အစည်းများပေးနိုင်ရန်အလို့ငှါ၊ သီးခြားခြွင်းချက်စည်းကမ်း ပြဋ္ဌာန်းခြင်းဖြင့် တရား ဥပဒေပြုနိုင်သည့် အာဏာသည် ပြည်ထောင်စုပါလီမန်တွင်ရှိပါသည်။

          သို့ရာတွင်ပြည်ထောင်စုပါလီမန်သည် ထိုအာဏာကို ပြည်ထောင်စုနိုင်ငံ၏ အကျိုးစီး ပွားအလို့ငှါသာလျှင် အသုံးပြုရပါမည်။

          ထိုကိစ္စအလို့ငှါ၊ အခြားတနည်းနည်းဖြင့် တရားဥပဒေ ပြုနိုင်သည့်အာဏာသည် ပြည်ထောင်စုပါလီမန်တွင်မရှိပါ။

          (၂)     ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စုနိုင်ငံတွင်းထွက် ပင်ရင်းအခြေအမြစ်များကို ထုတ်ဖော်လုပ်ကိုင်နိုင်သော အခွင့်အရေးပေးရန် (ခွင့်ပြုသည့်)အက်ဥပဒေ တခုလုံးသည်၎င်း၊ ထိုအက်ဥပဒေ၏ အစိတ်အပိုင်း တခုခုသည်၎င်း ပြည်ထောင်စုပါလီမန်၏ ဥပဒေပြုအာဏာ နယ်နိမိတ်အပြင်သို့ မကျမရောက်ပါ။

          ထိုအက်ဥပဒေ တခုလုံးသည်၊ ပြည်ထောင်စုပါလီမန်၏ ဥပဒေပြုအာဏာနယ်နိမိတ် အတွင်းသို့ ကျရောက်၍ ဥပဒေအာဏာ တည်သောအက်ဥပဒေဖြစ်ပါသည်။

 


[1] *၁၉၅၂ ခုနှစ်၊ လွှဲအပ်မှုအမှတ် ၂။ နိုင်ငံတော်တရားဝန်ကြီးချုပ်၊ တရားဝန်ကြီး ဦးမြင့်သိန်းနှင့် တရားဝန်ကြီး ဦးထွန်းဖြူတို့ ၏ ရှေ့တော်၌ ကြားနား၍ ၊ နိုင်ငံတော်တရားဝန်ကြီးချုပ်က အမိန့်ချမှတ်သည်။

 

[2] (1948) B.L.R.541 3  Cp. Americam Jurisprudence, vol. XI, pp. 660 to 663.

[4] Delivering the opinion of the Supreme Court of the United States of America in the case of Martin v. Hunter’s Lessee, 1 Wheat,304, Story J, observed:

                “The constitution unavoidably deals in general language. It did not suit the purposes of the people, in framing this great charter of our liberties, to provide for minute specifications of its powers, or to declare the means by which those powers should be carried into execution. It was foreseen that this would be a perilous and difficult, if not an impracticable, task. The instrument was not intended to provide merely for the exigencies of a few years, but was to endure through a long lapse of ages, the events of which were locked up in the inserutable purposes of providence. It could not be foreseen what new changes and modifications of power might be indispensable to effectuate the general objects of the charter; and restrictions and specifications, which, at the present, might seem salutary, might, in the end, prove the over throw of the system itself. Hence its power are expressed in general terms, leaving to the legislature, from time to time, to adopt its own means to effectuate legitimate objects, and to mould and model the exercise of its powers, as its own wisdom, and the public interests, should require”

                This passage has been cited with approval in Baxter v. Commissioners of Taxation. (1907) 4 C.L.R. 1087 at p. 1105.